အောက်တိုဘာ ၂၃ ရက်မှာ COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဆိုပါတယ်။

COVID-19 ကူးစက်မှုတွေ တစ်ဟုန်ထိုးမြင့်တက်မှု ရင်ဆိုင်နေရတဲ့ ဥရောပဒေသမှ ပိုလန်နိုင်ငံမှာ သမ္မတ အန်ဒရက်ဇ်ဒူဒါလည်း ကူးစက်ခံခဲ့ရကြောင်း၊ သို့သော် ကျန်းမာရေးအခြေအနေ ကောင်းမွန်လျက်ရှိကြောင်း သမ္မတရုံးဝန်ကြီးက ပြောပါတယ်။

(Photo: EPA)

အသက် ၄၈ နှစ်အရွယ် ပိုလန်သမ္မတဒူဒါဟာ သောကြောနေ့ (အောက်တိုဘာ ၂၃ ရက်) မှာ COVID-19 ကူးစက်ခံရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရတယ်လို့ ဝန်ကြီး Blazej Spychalski က ယနေ့ (အောက်တိုဘာ ၂၄ ရက်) အတည်ပြုခဲ့ပါတယ်။ ပိုလန်သမ္မတဟာ အမေရိကန်သမ္မတ ဒေါ်နယ်ထရန့်နဲ့ ဗြိတိန်ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင် အပါအဝင် COVID-19 ကူးစက်ခံရတဲ့ နိုင်ငံ့ခေါင်းဆောင်အနည်းစုမှာ ပါဝင်လာခဲ့ပါတယ်။



ပိုလန်နိုင်ငံဟာ ကူးစက်မှုတွေ သိသာစွာ မြင့်တက်နေမှုကို ရင်ဆိုင်နေရပြီး အောက်တိုဘာ ၂၃ ရက်နေ့ ထုတ်ပြန်မှုအရ ကူးစက်ခံရသူ နောက်ထပ် ၁၃,၆၀၀ ကျော် တိုးလာခဲ့ပါတယ်။ ယခုအခါ ပိုလန်တစ်နိုင်ငံလုံးကို ကူးစက်မှုထိန်းချုပ်ရေး အနီရောင်ဇုန် lockdown သတ်မှတ်ထားပြီး မူလတန်းကျောင်းတွေနဲ့ စာသောက်ဆိုင်တွေကို ပိတ်ထားတယ်လို့ ဆိုပါတယ်။

(Photo: Filip Radwanski/SOPA Image/picture-alliance)

ပိုလန်သမ္မတဒူဒါဟာ မည်သည့်အချိန်မှာ COVID-19 ကူးစက်ခံခဲ့ရကြောင်း အတိအကျ မသိရဘဲ အက်စ်တိုးနီးယားနိုင်ငံ Tallinn မြို့တော်မှာ အောက်တိုဘာ ၁၉ ရက်နေ့က ကျင်းပပြုလုပ်ခဲ့တဲ့ အခမ်းအနားတစ်ခုကို တက်ရောက်ခဲ့ပြီး ထိုအခမ်းအနားမှာ ဘူလ်ဂေးရီးယားသမ္မတ ရူမင်ရာဒက်ဗ်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာတော့ ဘူလ်ဂေးရီးယားသမ္မတဟာ အသွားအလာကန့်သတ် နေထိုင်ခဲ့ပါတယ်။

အောက်တိုဘာ ၂၃ ရက်နေ့မှာ သမ္မတဒူဒါက ပိုလန်မြို့တော် ဝါဆောမြို့ရှိ အမျိုးသားအားကစားရုံ (National Stadium) မှာ ဆောက်လုပ်နေတဲ့ ယာယီဆေးရုံတစ်ခုသို့ သွားရောက်ကြည့်ရှုခဲ့သေးတယ်လို့ ဆိုပါတယ်။ ပိုလန်မှာ ကူးစက်မှုဒုတိယလှိုင်းကို အပြင်းအထန် ရင်ဆိုင်နေရပြီး ကူးစက်မှုအသစ် အရေအတွက်ဟာ နွေးဦးရာသီအတွင်း အမြင့်ဆုံးဖြစ်ခဲ့တဲ့ ကူးစက်မှုအရေအတွက်ထက် ၂၂ ဆအထိ ပိုမိုမြင့်တက်လာခဲ့ကြောင်းလည်း BBC သတင်းမှာ ဖော်ပြထားပါတယ်။

(Photo: Czarek Sokolowski/AP)

ပိုလန်မှာ ဆေးရုံတက်ရတဲ့ COVID-19 လူနာဦးရေကလည်း အောက်တိုဘာ ၂၃ ရက်နေ့က ၆.၅ ရာခိုင်နှုန်း မြင့်တက်လာပြီး ဆေးရုံတက်လူနာ ၁၁,၄၉၆ ဦး ရှိလာခဲ့ပါတယ်။ ပိုလန်ဆေးရုံတွေမှာ လူနာလက်ခံနိုင်မှုရဲ့ ၆၀ ရာခိုင်နှုန်းဟာ ပြည့်နေပြီလို့ ဆိုပါတယ်။ ပိုလန်မှာ ကူးစက်မှုထိန်းချုပ်ရေး ကန့်သတ်ချက်အသစ်တွေအရ လူငါးဦးထက်ပိုတဲ့ စုရုံးမှုတွေကို တားမြစ်ထားပြီး ကလေးတွေဟာ အိမ်အပြင်ထွက်ပါက အရွယ်ရောက်ပြီး အဖော်တစ်ဦးပါရှိရမှာ ဖြစ်ပါတယ်။ ဒါ့အပြင် အသက် ၇၀ နှစ်ကျော်အရွယ်တွေကို နေအိမ်မှာနေကြရန် အစိုးရက တိုက်တွန်းထားကြောင်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က