ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်းကြေညာထားတဲ့ ရှမ်းပြည်နယ်၊ မိုင်းကိုင်မြို့နယ်မှာ ရွေးကောက်ပွဲ ကျင်းပခွင့် ရ ရှိဖို့အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီကို တောင်းဆိုတင်ပြထားတယ်လို့ ရှမ်းပြည်နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဋ္ဌဦးထင်ကျော်က ပြောပါတယ်။
မိုင်းကိုင်မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပဖို့အတွက် မဲစာရင်းထုတ်ပြန်ခြင်း၊ ကိုယ်စားလှယ်လောင်းတွေ နာမည်တွေ ရိုက်နှိပ်ခြင်း စတဲ့ကိစ္စအားလုံးကို စီစဉ်ပြီးဖြစ်သလို ၊ လက်ရှိနယ်မြေအခြေအနေကလည်း အေးချမ်းတာကြောင့် ရွေးကောက်ပွဲကျင်းပခြင်းမရှိတဲ့နယ်မြေအဖြစ် သတ်မှတ်ထားမှုကို ပယ်ဖျက်ပြီး ပြန်လည်ကျင်းပခွင့်ပြုသင့်ကြောင်း တင်ပြထားတာဖြစ်တယ်လို့သိရပါတယ်။
မိုင်းကိုင်မြို့နယ်မှာ ရွေးကောက်ပွဲကျင်းပပေးဖို့ စာတင်နေစဥ် (ဓာတ်ပုံ - ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ်)
ဒါကြောင့် မိုင်းကိုင်မြို့နယ်ဟာ နိုဝင်ဘာလ ၈ ရက်နေ့မှာ ရွေးကောက်ပွဲကျင်းပခွင့်ရဖို့ အလားအလာရှိတယ်လို့သိရပါတယ်။
“အခြေအနေက ကျွန်တော်တို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တင်ပြထားတယ်။ ကျင်းပလို့ရပါတယ်။ ဒါကြောင့်ကျင်းပပို့ ပြန်တင်ပြထားပါတယ်။ ဘာလို့ဆိုတော့ မဲဆန္ဒရှင်တွေရဲ့အခွင့်အရေး၊ ကိုယ်စားလှယ်လောင်းတွေအခွင့်အရေးတွေ အများကြီးဆုံးရှုံးသွားပါမယ်။၂၀၁၅ တုန်းကလည်း အလားတူကျင်းပခဲ့တာရှိပါတယ်။ လက်ရှိအခြေအနေကလည်း ဆိုးဆိုးရွာအခြေအနေမရှိပါဘူးလို့ တင်ပြထားပါတယ်။ ကျနော်တို့ မျှော်လင့်ချက်ရှိတယ်။ ကျင်းပစေချင်တဲ့ဆန္ဒအပြည့်အဝရှိတယ်။ ကော်မရှင်ကလည်း သက်ဆိုင်ရာဌာနတွေနဲ့ ချိတ် ဆက်ပြီးတော့ ပေါင်းစပ်ညှိနှိုင်းလုပ်နေတယ်လို့သိရတယ်။ အဖြေတော့မရသေးဘူးပေါ့။”လို့ ဦးထင်ကျော်ကပြောပါတယ်။
ရှမ်းပြည်နယ်ထဲက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအဆင်ဆင့်ဟာ ယခင်ထဲက UEC ထံ မိုင်းကိုင်မြို့နယ်ဟာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်း တင်ပြခဲ့တာမရှိဘူးလို့ဆိုပါတယ်။မိုင်းကိုင်မြို့နယ်မှာ ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၅၀၀၀၀ ကျော်ရှိတယ်လို့သိရပါတယ်။
မြို့နယ်မှာ ဝင်ရောက်ယှဉ်ပြိုင်ကြမယ့် နိုင်ငံရေးပါ ၅ ခုရှိပါတယ်။အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၊ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် SNLD ၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ USDP ၊ရှမ်းတိုင်းရင်းသားများဒီမိုကရက်တစ်ပါတီ SNDP နဲ့ တအောင် ပလောင်အမျိုးသားပါတီတို့ပဲဖြစ်ပါတယ်။နှင်းဆီပါတီကတော့ ဖျက်သိမ်းလိုက်ပြီဖြစ်လို့ ယှဉ်ပြိုင်မယ့်စာရင်းမှာ မပါဝင်တော့ပါဘူး။
မိုင်းကိုင်မြို့နယ်ကို ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့ နေရာအဖြစ် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၁၆ ရက်နေ့မှာ သတင်းထုတ်ပြန်ကြေညာခဲ့တာဖြစ်ပါတယ်။
မိုင်းကိုင်မြို့နယ်ကို ရွှေးကောက်ပွဲကျင်းပြခြင်းမပြုတဲ့ နယ်မြေစာရင်းကနေ ပယ်ဖျက်ပြီး ရွေးကောက်ပွဲ ကျင်းပပေးနိုင်ဖို့အတွက် ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီနဲ့ မိုင်းကိုင်မြို့နယ်က မဲဆန္ဒရှင် (၁၁၂၃၈) ဦးက လက်မှတ်ထိုးတောင်းဆိုလွှာကို ရှမ်းပြည်နယ် ရွေးကောက် ပွဲကော်မရှင်အဖွဲ့ခွဲဆီ တင်ပြထားပါတယ်။
Share