မကွေးတိုင်း ပခုက္ကုမြို့နယ်တွင် NLD လွှတ်တော်ကိုယ်စားလှယ်များပါဝင်တဲ့ အောင်နိုင်ရေး အဖွဲ့လှည့်လည် နေမှုအား လူတစ်ဦးက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးကော်မတီထံကနေ သိရပါတယ်။
အောက်တာဘာလ ၂၄ ရက်နေ့ က NLD အောင်နိုင်ရေးလမ်းကြောင်း ပခုက္ကူမြို့ပေါ် လှည့်လည်နေစဉ် အမှတ် ၃ ရပ်ကွက်၊ အမှတ် ၁၀ လမ်းမပေါ်တွင် ဆိုင်ကယ်မောင်းနှင် လာသူတဦးမှ အောင်နိုင်ရေး လမ်းကြောင်းတွင် ပါဝင်ခဲ့သူ အမျိုးသမီးတစ်ဦးရဲ့ ခြေထောက်ကို ဆိုင်ကယ်နှင့် တက်နင်းသွားခဲ့ပြီးနောက် အမှတ် ၉ လမ်းအရောက်တွင် အဆိုပါဆိုင်ကယ်သမားမှ ကားဖြင့် ယာဉ်တန်းအား ပိတ်ဆို့ဟန့်တားကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ပခုက္ကူမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အောင်နိုင်ရေးကော်မတီ ဥက္ကဋ္ဌ ဦးမျိုးမော်က ပြောပါတယ်။
"ပါတီဝင်ထဲက တယောက်ကို ခြေထောက်တက်နင်းသွားတယ်။ အနင်းခံရတဲ့ပါတီဝင်လည်း ခြေထောက်ဒဏ်ရာ ရခဲ့တယ်။ အဲဒီမှာ ပြဿနာဘာမှမဖြစ်သေးဘူး။ အားလုံးပြေပြေလည်လည်ပဲ။ ၉ လမ်း အရောက်မှာ အဲ့ဒီဆိုင်ကယ်သမားက သူ့အိမ်ကကားနဲ့ ကျွန်တော်တို့ ယာဉ်တန်းကို အဟန့်အတားဖြစ်အောင် ဟန့်တားခဲ့ပါတယ်။ ပြဿနာကို ရှင်းတဲ့အခါမှာ ကားကို လမ်းဘေးချပြီး ကားပေါ်က သံတုတ်နဲ့ရမ်းတယ်။ ပါတီကို ဆဲရေးတိုင်းထွာတယ်။ ပြီးတော့ ပြဿနာဖြေရှင်းနေတုန်း ဓာတ်ပုံရိုက်တဲ့ ပါတီဝင်တယောက်ကို ကျောက်ခဲနဲ့ ပစ်ခဲ့ပါတယ်"လို့ ဦးမျိုးမော်က ပြောပါတယ်။
(ဓါတ်ပုံ - ဒေါ်ဇင်နီနီဝင်းFB)
ပခုက္ကူမဲဆန္ဒနယ် အမှတ်(၂) တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါ်ဇင်နီနီဝင်းက "ကျောက်ခဲဆိုတာ သေးသေးလေးမဟုတ်ဘူး၊ အကြီးကြီးပေါ့၊ အကုန်လုံးကလည်းရုတ်တစ်ရက်ဆိုတော့ ကြောင်သွားတာပေါ့၊ဆွဲချိန်လည်းမရလိုက်ဘူး၊ ဘယ်အဖွဲ့စည်းကဆိုတာတော့ မသိရသေးပါဘူး၊ လူပုဂ္ဂိုလ်ပဲပေါ့၊ ထွန်းဇော်ဆိုတဲ့လူပါ။ လူလတ်ပိုင်းပဲရှိပါတယ်၊ ပထမအကြိမ် ဆိုင်ကယ်နဲ့ နှောက်ယှက်တယ်၊ နှောက်ယှက်ပြီး ကားသွားယူတယ်၊ ကားနဲ့လိုက်ပြီးနှောက်ယှက်တာပါ" လို့ ဆိုပါတယ်။
အဆိုပါ တိုက်ခိုက်ခံရမှုကြောင့် ပါတီဝင် အမျိုးသမီး ၂ ဦး ဒါဏ်ရာ ရရှိခဲ့ပြီး ပခုက္ကူမြို့မရဲစခန်းတွင် သွားရောက်အမှုဖွင့်ထားကြောင်း သိရပါတယ်။
ယင်းကိစ္စနှင့်ပတ်သက်ပြီး မြို့နယ်ပါတီဥက္ကဌဦးမျိုးကြည်က တရားလိုပြုလုပ်ပြီး ပခုက္ကူမြို့မှရဲစခန်းမှာ အမှုဖွင့်ခဲ့ရာ မြို့မရဲစခန်းမှ (ပ)၁၁၂၃/၂၀၂၀၊လက်နက်ဥပဒေပုဒ်မ ၁၉(င)/၃၃၇/၂၉၄/၃၂၃/၃၄၁ တို့ဖြင့် အမှုဖွင့်စစ်ဆေးလျှက်ရှိကြောင်း သိရပါတယ်။
မကွေးပို့စ်မှ ပေးပို့ထားသောသတင်းဖြစ်ပါသည်။