ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့အောက်တိုဘာလ (၅)ရက်က စတင်ပြီး သက်ဆိုင်ရာ မြို့နယ် နဲ့ ရပ်ကွက်/ကျေးရွာအဖွဲ့ခွဲတွေမှာ မဲပေးနိုင်ကြောင်း ထုတ်ပြန်ခဲ့ပေမယ့် ဒီနေ့ ကြိုတင်မဲကောက်ခံဖို့ မဖြစ်နိုင်သေးဘူးလို့ သက်ဆိုင်ရာရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေက သိရပါတယ်။
မိမိနေရပ်သို့ ပြန်လည်ပြီး ဆန္ဒမဲမပေးနိုင်သူများ ၊ အသက်၆၀နှင့်အထက် မဲဆန္ဒရှင်များ ၊ ကွာရန်တင်းစင်တာများတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတွေရဲ့ စီစဉ်သတ်မှတ်မှုနဲ့ ဒီနေ့ အောက်တိုဘာလ ၂၅ရက်ကနေ နိုဝင်ဘာလ ၇ရက်နေ့အထိ မဲပေးနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကောက်မရှင်က ကြေညာချက်ထုတ်ပြန်ခဲ့တာပါ ။
" ကျွန်တော်တို့လည်း ဝိုးတဝါးဖြစ်နေတယ် ။ တကယ်တမ်းကျ သတ်မှတ်ထားတာက ၂၉ရက်က ၅ရက်အထိလေ ။ အဲဒါပဲ သိထားတယ် ။ ညွှန်ကြားချက်မလာသေးဘူး သိလား ။ ဒီနေ့က စကောက်တာတော့ ဘာမှကိုမရှိသေးဘူး ။ ပုံစံ ၁၅ ( မိမိနေရပ်သို့ ပြန်လည်ပြီး ဆန္ဒမဲမပေးနိုင်သူများ ) ဆို ဒီနေ့ လျှောက်ထားဖို့ နောက်ဆုံးနေ့ ။ မဲတော့မပေးရဘူး မကောက်သေးဘူး ။ ဘယ်လိုလဲကို မသိသေးဘူး ။ လူတိုင်းကလည်း အဲဒါပဲ သိချင်နေတာ " လို့ ရန်ကုန်(အနောက်ပိုင်းခရိုင်) ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး ဥက္ကဌ ဦးခင်မောင်ဝင်းက Duwun ကို ပြောပါတယ်။
လက်ရှိအနေအထားအရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ ထုတ်ပြန်ချက်တွေက မြန်ဆန်လွန်နေပြီး သက်ဆိုင်ရာ မြို့နယ် ရွေးကောက်ပွဲကော်မရှင်ခွဲတွေအနေနဲ့ မှီအောင် လုပ်ဆောင်နေရတဲ့အတွက် မူလသတ်မှတ်ရက် ရောက်ချိန်မှသာ လုပ်ငန်းဆောင်ရွက်နိုင်မယ်လို့လည်း သိရပါတယ်။
" ဒီနေ့မကောက်သေးပါဘူး ခင်ဗျာ ။ မဲလက်မှတ်တွေတောင်မှ ထုတ်မပေးရသေးဘူး ။ခရိုင်ကနေတောင် မြို့နယ်ကို ဒီနေ့မှရတာမို့လို့ ။ သန်ဘက်ခါကျမှ မဲလက်မှတ်ရောစာအိတ်ရော မဲပုံးတွေဘာတွေ ရပ်ကွက်ကို ထုတ်ပေးရမှာ ။ သူတို့က မြန်လွန်းနေတာကွ လိုက်မမီဘူး ။ အသက်(၆၀)အထက် ကြိုတင်မဲပေးမယ့်သူတွေစာရင်းကလည်း အခုမှ လိုက်ကောက်တုန်း " လို့ ဗဟန်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး အတွင်းရေးမှူး ဦးမောင်မောင်ဖုန်းက Duwun ကို ပြောပါတယ်။
၂၀၂၀ပြည့်နှစ် နိုဝင်ဘာလ (၈)ရက်မှာ ကျင်းပမယ့်အထွေထွေရွေးကောက်ပွဲအတွက် မဲဆန္ဒနယ်အတွင်းရှိနေသော်လည်း အကြောင်းအမျိုးမျိုးကြောင့် ကြိုတင်မဲပေးမည့်သူများသည် နိုဝင်ဘာလ ၆ရက်မှ ၇ရက် ၊ ခရီးကွာဝေး ဒေသတွင် ဆေးရုံတက်ရောက်နေရသူများ ၊ အချုပ်ခံရသူများ နှင့် နိုင်ငံတော်တာဝန်ဖြင့် ခရီးသွားလာရန်ရှိသူများသည် အောက်တိုဘာလ ၁၉ရက်မှ နိုဝင်ဘာလ ၇ရက်အထိ ၊ မိမိနေရပ်သို့ ပြန်လည်ပြီး ဆန္ဒမဲမပေးနိုင်သူများ ၊ အသက်၆၀နှင့်အထက် မဲဆန္ဒရှင်များ ၊ ကွာရန်တင်းစင်တာများတွင် အကြောင်းအမျိုးမျိုးကြောင့် ရောက်ရှိနေသူများကို သက်ဆိုင်ရာကော်မရှင်အဖွဲ့ခွဲတွေရဲ့ စီစဉ်သတ်မှတ်မှုနဲ့ ဒီနေ့ အောက်တိုဘာလ ၂၅ရက်ကနေ နိုဝင်ဘာလ ၇ရက်နေ့အထိ မဲပေးနိုင်တယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၄ရက် ညပိုင်းက ထုတ်ပြန် ကြေညာခဲ့ပါတယ်။