ပြည်ခရိုင်မှာ ကြိုတင်မဲပေးမယ့် အသက် ၆၀ အထက် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၁၃၀,၀၀၀ ကျော်ရှိပြီး ကြိုတင်မဲတွေကိုတော့ အောက်တိုဘာလ ၂၉ ရက်နေ့မှာ စတင်မှာ ဖြစ်တယ်လို့ ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင်အတွင်းရေးမှူး ဦးဝေနော် ကပြောပါတယ်။
အဆိုပါကြိုတင်မဲ တစ်သိန်းကျော်ကို အောက်တိုဘာလ ၂၉ ရက်နေ့ကနေ စပြီး နိုဝင်ဘာလ ၅ ရက်နေ့အထိ ၈ ရက်အကြာ ဆန္ဒမဲပေးခွင့်ပြုမှာဖြစ်ပြီး ကျန်းမာရေးအရ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးကို လာရောက်မဲပေးနိုင်ခြင်းမရှိတဲ့သူတွေကိုတော့ အိမ်အရောက် လိုက်လံဆောင်ရွက်ပေးမှာဖြစ်ပါတယ်။
ဒါ့အပြင် မဲရုံဝန်ထမ်း၊ လုံခြုံရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့ ၊ ကြက်ခြေနီ၊ကိုယ်စားလှယ်လောင်းတွေ၊ ပူးပေါင်းဆောင်ရွက်မယ် လူမှုကူညီရေးအဖွဲ့တွေကိုလည်း အောက်တိုဘာ ၂၉ ရက်ကနေ နိုဝင်ဘာ ၇ ရက်နေ့အထိ ၁၀ ရက်အကြားဆောင်ရွက်မှာဖြစ်ပြီး အသက် ၈၅ အထက် ဘိုးဘွားများကိုတော့ နေထိုင်ရာအရောက် နိုဝင်ဘာလ ၆ ရက်နဲ့ ၇ ရက်နေ့မှာ ကြိုတင်မဲကောက်ယူပေးမှာဖြစ်တယ်လို့သိရပါတယ်။
“ ကြိုတင်မဲပေးရမယ် အသက် ၆၀ အထက်စာရင်းတွေက ခရိုင်ထဲက အကုန်ရောက်ပြီပေါ့။၂၀၁၅ တုန်းကဆိုရင် အသက် ၆၀ အထက်ကြိုတင်မဲကို ၁၀ ရက်ရတယ်။ ခုနှစ်ကတော့ ၈ ရက်ပဲရတယ်။ မဲပေးရမယ့်နေ့ရောက်ရင် မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာတွေက ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံတွေမှာ မဲပုံးထားပေးမယ်။အဲ့ဒီမှာလာပေးရမယ်။ ကျွန်တော်တို့က ကြိုတင်မဲကိုလည်း မဲရုံတစ်ရုံရှိတဲ့နေရာတိုင်းမှာ ထားရတာဖြစ်တယ်။ ကွာရန်တင်းဝင်နေသူတွေလည်းရှိတော့ ခုနှစ်က ကြိုတင်မဲကများနိုင်တယ်။ ကျန်းမာရေးအရ လော့ဒေါင်းပြုလုပ်ထားတဲ့အခြေအနေရှိတဲ့သူတွေဆိုရင်လည်း အိမ်တိုင်ရာရောက် လိုက်ကောက်ရမယ်။ အဲဒီလိုမရှိတဲ့နေရာတွေဆို ရပ်ကွက်ကျေးရွာ ကော်မရှင်အဖွဲ့ခွဲမှာ ထောင်ထားတဲ့မဲပုံးမှာ မဲလာပေးရမယ်။”လို့ ဦးဝေနော်က ဆိုပါတယ်။
ကိုဗစ်ကြောင့် ကွာရန်တင်းဝင်နေရသူတွေကိုလည်း သက်ဆိုင်ရာ ကွာရန်တင်းစင်တာမှာပဲ ကြိုတင်မဲပေးဖို့စီစဉ်ထားသလို ၊ ဆန္ဒမဲပြင်ပရောက် ကွာရန်တင်းဝင်နေတဲ့ မဲဆန္ဒရှင်တွေကိုလည်း သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲနဲ့ချိတ်ဆက်ပြီး ကြိုတင်မဲပေးဖို့လုပ်ဆောင်မှာဖြစ်ပါတယ်။မဲဆန္ဒနယ်ပြင်ပရောက်နေတဲ့ ကွာရန်တင်းဝင်သူတွေရဲ့ မဲလက်မှတ် တွေကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေကနေ ဆောင်ရွက်ပေးမှာဖြစ်တယ်လို့သိရပါတယ်။
ကွာရန်တင်းထဲမှာ တခြားမြို့နယ်တွေကပါလာရင် ကွာရန်တင်းအကြီးအကဲကနေ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကိုဆက်သွယ်ပြီး ပုံစံ ၁၅ ပို့ပေးရမယ်။ ပို့ပေးတဲ့အခါ ဟိုမှာ မဲစာရင်းပါတယ်ဆိုရင် မဲလက်မှတ်တွေကို ကွာရန်တင်စခန်းကိုပြန်ပို့ရမယ်။ ၊ ကွာရန်တင်းစခန်းမှာ ဘယ်နေ့မှာတော့ ဆန္ဒမဲပေးပါမယ် လာရောက်ကြီးကြပ်ပေးပါလို သက်ဆိုင်ရာ့မြို့နယ်ရွေးကောက်ပွဲကော်မရှင်ခွဲ့ကို့အကြောင်းကြားရင်သွားရောက်ကြီးကြပ်ပေးပါတယ်။ ပြီးရင်အဲ့ဒီ ဆန္ဒမဲလက်မှတ်တွေကို သက်ဆိုင်ရာမြို့နယ်ကော်မရှင်ခွဲကို အချိန်မီရောက်အောင် မြို့နယ်ကော်မရှင်အဖွဲ့ခွဲကပဲဆောင်ရွက်ပေးပါတယ်။ ပုံစံ ၁၅ တွေ နောက်ဆုံးတောင်းဆိုရမယ့်ရက်က၂၅ ရက်နေ့ နောက်ဆုံးဖြစ်တယ်။နိုဝင်ဘာလ ၈ ရက်နေ့ နောက်ပိုင်း ကွာရန်းတင်း နေရမယ့်သူတွေကိုအဓိက ကြိုတင်မဲရယူပေးမှာဖြစ်ပါတယ်။
ပြည်ခရိုင်မှာ မြို့နယ် ၆ မြို့နယ်ရှိပါတယ်။ မြို့နယ်တစ်ခုချင်းအလိုက် အသက် ၆၀ အထက် ကြိုတင်မဲစာရင်းကတော့ ပြည်မြို့မှာ ၃၀၀၀၀ ကျော်၊ ပေါင်းတည်က ၂၀၀၀၀ ကျော် ၊ ပန်းတောင်းက ၂၀၀၀၀ ကျော်၊ ရွှေတောင်က ၂၀၀၀၀ ကျော်၊ သဲကုန်းက ၂၀၀၀၀ ကျော် နဲ့ ပေါက်ခေါင်းမြို့နယ်က ၁၄၀၀၀ ကျော်ရှိထားပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။