နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၇ ရက်မှာ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြပါတယ်။

အမေရိကန် ကြားဝင်ညှိနှိုင်းမှုအရ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် နှစ်နိုင်ငံကြား အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုအသစ်ဟာ အလျင်အမြန်ပင် ပျက်ပြားသွားခဲ့ကြောင်း သိရပါတယ်။

(Photo: AFP)

နယ်မြေအငြင်းပွားမှုနဲ့ ပတ်သက်ပြီး တိုက်ပွဲများဖြစ်ပွားနေတဲ့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အပစ်အခတ်ရပ်စဲရန် သဘောတူညီမှုဟာ ယနေ့ (အောက်တိုဘာ ၂၆ ရက်) ဒေသစံတော်ချိန် မနက် ၈ နာရီမှာ စတင်သက်ရောက်မယ်လို့ အမေရိကန်အစိုးရနဲ့ တိုက်ပွဲများရပ်ရန် ကြိုးပမ်းနေတဲ့ OSCE Minsk အုပ်စုက ပူးတွဲကြေညာခဲ့ကြောင်း AFP သတင်းက ဖော်ပြခဲ့ပါတယ်။



သို့သော် အဆိုပါ အပစ်အခတ်ရပ်စဲရေးဟာ စတင်သက်ရောက်ပြီး မကြာမီမှာပင် ပျက်ပြားသွားခဲ့ကြောင်း သိရပြီး သဘောတူညီမှုကို ချိုးဖောက်ခဲ့တယ်လို့ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့က အပြန်အလှန် စွပ်စွဲပြောဆိုခဲ့ကြပါတယ်။ ယခုတစ်ကြိမ် အမေရိကန်ကြားဝင်မှုဖြင့် ရရှိခဲ့တဲ့ အပစ်အခတ်ရပ်စဲရေးဟာ တတိယမြောက်ဖြစ်ပါတယ်။

(Photo: Sergei Bobylev\TASS via Getty Images)

ယခင်ကလည်း ပြင်သစ်နဲ့ ရုရှားတို့ ကြားဝင်ညှိနှိုင်းမှုဖြင့် အငြင်းပွားနယ်မြေမှာ ဖြစ်ပွားနေတဲ့ သွေးချောင်းစီး တိုက်ခိုက်မှုတွေ ရပ်တန့်ရန် ကြိုးပမ်းခဲ့ပေမဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီမှုတွေဟာ ချက်ချင်နီးပါး ပျက်ပြားခဲ့ပြီး မအောင်မြင်ခဲ့ပါဘူး။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် တိုက်ပွဲများဖြစ်ပွားနေမှုကို ရပ်တန့်နိုင်ရေး ကမ္ဘာ့ခေါင်းဆောင်တွေက သီတင်းပတ်နဲ့ချီ ကြိုးပမ်းနေခဲ့ကြပါတယ်။ ရုရှားသမ္မတ ဗလာဒီမာပူတင်ရဲ့ ပြောကြားမှုအရ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန် တိုက်ပွဲများအတွင်း သေဆုံးသူ ၅,၀၀၀ နီးပါးရှိခဲ့တယ်လို့ ဆိုပါတယ်။

"နှစ်ဖက်လုံးမှာ သေဆုံးသူ အများကြီးရှိပါတယ်၊ တစ်ဖက်ကို ၂,၀၀၀ ကျော်လောက် သေဆုံးခဲ့ကြတယ်၊ စုစုပေါင်း ၅,၀၀၀ နီးပါပဲ" လို့ ပူတင်က ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ရုပ်မြင်သံကြားမှတစ်ဆင့် အစည်းအဝေးတစ်ခုမှာ ပြောခဲ့ပါတယ်။ ရုရှားသမ္မတ ပြောကြားခဲ့တဲ့ သေဆုံးမှုအရေအတွက်ဟာ နှစ်နိုင်ငံလုံးက တရားဝင် ထုတ်ပြန်ထားတာထက် များစွာပိုမိုနေခဲ့ပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ Nagorno-Karabakh နယ်မြေ အငြင်းပွားမှုနဲ့ ပတ်သက်ပြီး စက်တင်ဘာ ၂၇ ရက်မှာ တိုက်ပွဲများ စတင်ဖြစ်ပွားခဲ့ကြပါတယ်။

(Image: @realDonaldTrump/Twitter)

ထိုနယ်မြေကို အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ အာမေးနီးယန်းလူမျိုးစုတွေက ထိန်းချုပ်ထားပါတယ်။ လက်ရှိဖြစ်ပွားနေတဲ့ နှစ်နိုင်ငံကြား တိုက်ခိုက်မှုတွေဟာ ဆယ်စုနှစ်များအတွင်း အဆိုးဆုံးဖြစ်လာပြီး နှစ်ဘက်လုံးက တိုက်ပွဲဖြစ်ပွားရမှုနဲ့ ပတ်သက်ပြီး အပြန်အလှန် အပြစ်တင်နေခဲ့ကြပါတယ်။ 

သို့သော် နယ်မြေအငြင်းပွားမှုအပေါ် အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ကြား ပြေလည်မှုမရရှိထားခဲ့သေးကြောင်း သိရပါတယ်။ အာမေးနီးယားနဲ့ အဇာဘိုင်ဂျန်တို့ဟာ ၁၉၉၁ ခုနှစ်မှာ ပြိုကွဲသွားခဲ့တဲ့ ဆိုဗီယက်ပြည်ထောင်စုရဲ့ အဖွဲ့ဝင်နိုင်ငံတွေလည်း ဖြစ်ခဲ့ပါတယ်။ အဆိုပါ နှစ်နိုင်ငံဟာ Nagorno-Karabakh နယ်မြေအ‌ရေး ဆယ်စုနှစ်လေးခုကြာ မဖြေရှင်းနိုင်တဲ့ အငြင်းပွားမှုဖြစ်နေခဲ့ကြပါတယ်။

Nagorno-Karabakh နယ်မြေဆိုင်ရာ အချက်အလက်များ

  • ဧရိယာအကျယ်အဝန်း ၁,၇၀၀ စတုရန်းမိုင်ရှိတဲ့ တောင်တန်းနယ်မြေတစ်ခု ဖြစ်ပါတယ်
  • အစဥ်အလာအရ အာမေးနီးယန်း ခရစ်ယာန်တွေနဲ့ တာ့ခ်စ် (Turks) မွတ်စလင်မ်များ နေထိုင်ကြပါတယ်
  • ဆိုဗီယက်ပြည်ထောင်စုခေတ်မှာ အဇာဘိုင်ဂျန်နိုင်ငံရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ နယ်မြေတစ်ခု ဖြစ်လာခဲ့ပါတယ်
  • နိုင်ငံတကာက အဇာဘိုင်ဂျန်ရဲ့ အစိတ်အပိုင်းအဖြစ် အသိအမှတ်ပြုထားပေမဲ့ လူဦးရေအများစုက အာမေးနီးယန်းလူမျိုးစုတွေ ဖြစ်ကြပါတယ်
  • အာမေးနီးယားဘက်မှ အပါအဝင် ထိုနယ်မြေမှာ ၎င်းတို့ကိုယ်တိုင် အာဏာရှိသူများအဖြစ် ကြေညာထားသူတွေကို ကုလသမဂ္ဂအဖွဲ့ဝင် နိုင်ငံတွေက အသိအမှတ်မပြုထားပါဘူး
  • ၁၉၈၈-၉၄ ခုနှစ် နှစ်နိုင်ငံစစ်ပွဲကြောင့် ခန့်မှန်းခြေ လူဦးရေတစ်သန်း နေရပ်စွန့်ခွာ ရွှေ့ပြောင်းခဲ့ရပြီး လူ ၃၀,၀၀၀ ခန့် သေဆုံးခဲ့ပါတယ်
  • ၁၉၈၈-၉၄ ခုနှစ် စစ်ပွဲကာလအတွင်း ခွဲထွက်ရေးဝါဒီတပ်ဖွဲ့တွေက အဇာဘိုင်ဂျန်အတွင်း နောက်ထပ် ပိုင်နက်နယ်မြေအချို့ကို သိမ်းပိုက်ခဲ့ပါတယ်
  • ၁၉၉၄ ခုနှစ်မှာ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ပြီးနောက် စစ်ပွဲဟာ မတိုးသာမဆုတ်သာ အခြေအနေဖြစ်နေခဲ့ပါတယ်
  • တူရကီနိုင်ငံက အဇာဘိုင်ဂျန်ကို အတိအလင်း အားပေးထောက်ခံထားပါတယ်
  • ရုရှားနိုင်ငံက အာမေးနီးယားမှာ စစ်အခြေစိုက်စခန်းတစ်ခု ဖွင့်လှစ်ထားရှိပါတယ်

.

Share

Loading Next Article...
က္က