LG Display ဟာ၂၀၁၈ စတုတ္ထသုံးလပတ်ကစပြီး ပထမဆုံးအကြိမ်အဖြစ် အမြတ်အစွန်းရရှိတဲ့ သုံးလပတ်ကာလတစ်ခုနဲ့ ကြုံခဲ့ပြီ ဖြစ်ပါတယ်။
COVID-19 ကာလအတွင်း နည်းပညာကုမ္ပဏီအများအပြား ပစ္စည်းတင်ပို့မှု ကျဆင်းခဲ့ပြီး ငွေကြေးနစ်နာမှုတွေ ရှိခဲ့ပေမယ့် LG Display အတွက် တတိယသုံးလပတ်ဘဏ္ဍာရေးအစီရင်ခံစာမှာ အမြတ်အစွန်းတွေ ပြခဲ့တယ်လို့ Android Authority သတင်းက ဆိုပါတယ်။ ဒါဟာ ၂၀၁၈ စတုတ္ထသုံးလပတ်ကစလို့ ပထမဆုံးအကြိမ် အမြတ်ရတဲ့ တတိယသုံးလပတ်ကို ကြုံတွေ့ခဲ့တာ ဖြစ်ပါတယ်။
Photo: firstpost
display ကုမ္ပဏီ LG Display ဟာ ၂၀၂၀ တတိယသုံးလပတ်ရလဒ်ကို ထုတ်ပြန်ခဲ့ပြီး ဝင်ငွေအနေနဲ့ ကိုရီးယားဝမ် ၆.၇၃ ထရီလီယံ (ဒေါ်လာ ၅.၉၃ ဘီလျံ) ရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ဒုတိယသုံးလပတ်မှာ ဝမ် ၅.၃ ထရီလီယံ (ဒေါ်လာ ၄.၆၃ ဘီလျံ) နဲ့ အရင်နှစ်ကာလတူ ဝင်ငွေ ဝမ် ၅.၈ ထရီလီယံ (ဒေါ်လာ ၅.၁ ဘီလျံ) ရခဲ့တာ ဖြစ်ပါတယ်။
ကုမ္ပဏီဟာ လုပ်ငန်းလည်ပတ်မှုအမြတ်အနေနဲ့ ဝမ် ၁၆၄ ဘီလျံ (ဒေါ်လာ ၁၄၄.၆ သန်း) ရခဲ့တာ ၂၀၂၀ Q2 ကာလမှာ ဝမ် ၅၁၇ ဘီလျံ (ဒေါ်လာ ၄၅၅.၉ သန်း) အရှုံးပြခဲ့တာပါ။ ၂၀၁၉ တတိယသုံးလပတ်မှာ ဝမ် ၄၃၆ ဘီလျံ (ဒေါ်လာ ၃၈၄.၅ သန်း) အရှုံးပေါ်ခဲ့တာလည်း ဖြစ်ပါတယ်။ တတိယသုံးလပတ် အမြတ်အစွန်းပြလာခြင်းဟာ ကိုရိုနာဗိုင်းရပ်စ်ကာလအတွင်း အိမ်ကနေ အလုပ်လုပ်လာကြခြင်းကြောင့်လို့ ဆိုပါတယ်။
Photo: Engadget
" သုံးလပတ်အလိုက် ၂၇% ပိုပြီး ဝင်ငွေမြင့်တက်လာရတဲ့ အကြောင်းက အိမ်ကနေ အလုပ်လုပ်ခြင်းနဲ့ အွန်လိုင်းစာသင်မှုတွေ များပြားလာခြင်းက အိုင်တီထုတ်ကုန်တွေအတွက် panel တင်ပို့မှု ဆက်တိုက်တက်လာလို့ ဖြစ်ပါတယ်။ ဒါ့အပြင် ဗျူဟာမြောက်ဖောက်သည်တွေဆီက မိုဘိုင်းထုတ်ကုန်သစ်တွေအတွက် panel ထောက်ပံ့မှုတိုးလာခြင်း ၊ကမ္ဘာ့ တီဗွီရောင်းအားကောင်းလာခြင်း နဲ့ တရုတ်နိုင်ငံ ဂွမ်ဂျောင်က ကုမ္ပဏီရဲ့ OLED panel စက်ရုံ အပြည့်အဝလည်ပတ်လာခြင်းတွေကြောင့်လည်း အခုလို ဝင်ငွေတိုးလာတာပါ။" လို့ ကုမ္ပဏီက ထုတ်ပြန်ပါတယ်။
၂၀၂၀ တတိယသုံးလပတ်အတွင်း အိုင်တီထုတ်ကုန်တွေအတွက် သုံးတဲ့ display ဟာ ဝင်ငွေရဲ့ ၄၃% ကို ရှာပေးနိုင်ခဲ့တယ်လို့ LG Display က ဆိုပါတယ်။ ဒီနောက်မှာ မိုဘိုင်းနဲ့ တစ်ခြားထုတ်ကုန်တွေအတွက် display က ဝင်ငွေရဲ့ ၂၉% နဲ့ TV panels တွေက ဝင်ငွေရဲ့ ၂၈% အထိ ရှိခဲ့တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။