မကွေးတိုင်းတွင် ယခုရက်ပိုင်းအတွင်း ကိုဗစ်၁၉ရောဂါပိုးတွေ့လူနာတွေ့ရှိမှုနှုန်းများမြင့်တက်လာပြီး မကွေးတိုင်းအတွင်း ကိုဗစ်၁၉အတည်ပြုလူနာတွေ့ရှိနှုန်းဟာ တစ်ပတ်အတွင်းနှစ်ကြိမ်စံချိန်သစ်တင်ခဲ့ပါတယ်။
အခု အောက်တိုဘာလ ၂၀ရက်နေ့မှာ မနက်နှင့်ညစုစုပေါင်းပိုးတွေ့လူနာ(၆၃)ဦးရှိခဲ့ပြီး မနေ့ (အောက်တိုဘာ ၂၆ ရက်) ညနေပိုင်းကပိုးတွေ့လူနာ(၉၇) ဦး တွေ့ရှိထားပါတယ်။
“အများအားဖြင့်တော့ရန်ကုန်ပြန်တွေပါ။ ပြီးတော့ရောဂါပိုးရှိသူတွေနဲ့ထိတွေ့မိတဲ့သူတွေမှာပိုးတွေ့များပါတယ်။ အဓိက ကတော့ရန်ကုန်ပြန်တွေတွေ့တာ များပါတယ်။ရောဂါပိုးရှိသူနဲ့ထိတွေ့ခဲ့လို့ စစ်ဆေးတဲ့ထဲကတွေ့တဲ့သူ လည်းအနည်းငယ်ရှိပါတယ်" လို့ မကွေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
မနေ့က အောက်တိုဘာလ(၂၅)ရက်နေ့ညနေပိုင်းက အမျိုးသားကျန်းမာရေးနဲ့ ဓါတ်ခွဲမှုဆိုင်ရာဌာနမှ စစ်ဆေး တွေ့ရှိခဲ့တဲ့ (၇၉)ဦး တွေ့ရှီခဲ့ပြီး တောင်တွင်းကြီးမြို့နယ်မှ(၃၃)ဦး၊မြို့သစ်မြို့နယ်မှ(၃၂)ဦး၊ရေနံချောင်းမြို့နယ်မှ(၉)ဦး၊ အောင်လံမြို့နယ်မှ(၇)ဦး၊ မင်းဘူးမြို့နယ်မှ(၇)ဦး၊ စလင်းမြို့နယ်မှ(၆)ဦးနဲ့ ပွင့်ဖြူမြို့နယ်မှ(၃)ဦးဖြစ်ပါတယ်။
ယနေ့အောက်တိုဘာလ(၂၆)ရက်နေ့မနက်တွင် အောင်လံမြို့နယ်မှ(၃၄)ဦးနဲ့ မကွေးမြို့နယ်မှ(၄)ဦး စုစုပေါင်း(၃၈)ဦးတွေ့ရှိခဲ့ပြီး အောင်လံမြို့နယ်(၃၄)ဦးထဲမှ(၂)ဦးက ထိတွေ့မိသူ မိသားစုဝင်များဖြစ်ပြီး ကျန်(၃၂)မှာ Quarantine center မှ ရန်ကုန်ပြန်များလို့ သိရပါတယ်။
မကွေးတိုင်း(၂၅)မြို့နယ်တွင် ပိုးတွေ့လူနာရှိသည့်မြို့နယ်ပေါင်း(၂၂)မြို့နယ်ရှိပြီး မြို့သစ်မြို့နယ်မှ (၈၂)ဦး ရှိပြီး ပိုးတွေ့လူနာအများဆုံးမြို့နယ်ဖြစ်ပါတယ်။
မကွေးတိုင်းတွင် ယနေ့အောက်တိုဘာလ(၂၆)ရက်နေ့မနက်အထိ ကိုဗစ်၁၉ ပိုးတွေ့လူနာစုစုပေါင်း (၅၁၂)ဦးရှိပြီးဆေးရုံတက်ဆဲလူနာ(၂၄၄)ဦးနှင့်ဆေးရုံဆင်းခွင့်ရရှိသူ(၂၆၈)ဦးရှိပါပြီ။
မကွေးပို့စ်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။
Share