ကာဘိုးအကြမ်းဖက်မှုဖြစ်စဉ်က ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေဖြစ်ကြတဲ့ဖြစ်စဉ်ပဲဖြစ်ပြီး ဒါဟာ ထုတ်ပြန်ထားတဲ့အမိန့်ညွှန်ကြားချက်တွေနဲ့အညီဆောင်ရွက်မှုမရှိကြလို့ဖြစ်ကြတာလည်းဖြစ်တယ်လို့ ပြည်ခိုင်ဖြိုးပါတီပြောရေးဆိုခွင့်ရှိသူဦးသိန်းထွန်းဦးက ပြောပါတယ်။
Photo: Than Htay
"ဖြစ်ကြတာကတော့ ဝန်းရံသူတွေဖြစ်ကြတာဗျ၊ ဝန်းရံသူတွေဖြစ်ကြတာပါ၊ အခုဟာက အနီကနေပြီးတော့လှည့်လည်တယ်ဆိုရင် အစိမ်းကလည်းပဲလှည့်လည် တယ်ဆိုတာမျိုးတွေပေါ့ဗျာ၊ အနီကိုမထိန်းတော့ အစိမ်းကလည်းထွက်လာတယ်ဆိုတာမျိုးတွေပါ၊ ပါတီထောက်ခံတဲ့ပြည်သူဆိုတာက ထိန်းဖို့ရာ အတွက်ခက်တယ်လို့သူတို့ပြောကြတယ်လေ၊ အဲဒီလိုထိန်းဖို့ရာခက်တဲ့ဟာသည် တကယ်သာတိတိကျကျထိန်းကျောင်းကြမယ်ဆိုရင် ဒီလိုဖြစ်စဉ်မျိုး တွေကနည်းသွားလိမ့်မယ်လို့ကျွန်တော်မြင်ပါတယ်" လို့ ဦးသိန်းထွန်းဦးကဆိုပါတယ်။
ပြီးခဲ့တဲ့အောက်တိုဘာလ ၂၂ ရက်နေ့က စစ်ကိုင်းတိုင်းဒေသကြီး ကန့်ဘလူမြို့နယ် ကာဘိုးကျေးရွာမှာဖြစ်သွားခဲ့တဲ့ အကြမ်းဖက်မှုဖြစ်စဉ်မှာ အရိုက်ခံရတဲ့ ဒဏ်ရာရလူငယ်ဟာ အောက်တိုဘာလ ၂၄ ရက်နေ့မှာပဲ သေဆုံးသွားခဲ့ပါတယ်။ ဒီဖြစ်စဉ်အပေါ် ကန့်ဘလူမြို့နယ် ဇီးကုန်းနုယ်မြေရဲစခန်းက အမှုဖွင့်ထားပြီး သံသယတရားခံ ၅ ဦးကိုဖမ်းဆီးစစ်ဆေးနေတယ်လို့ သိရပါတယ်။
အဲဒီနေ့က ပြည်ခိုင်ဖြိုးပါတီကိုဝန်းရံထောက်ခံသူတွေဟာ ကန့်ဘလူမြို့နုယ် ကာဘိုးကျေးရွာရဲ့ကိုဗစ်စစ်ဆေးရေးဂိတ်ကဒေသခံလူငယ်တွေအပါအဝင် နေအိမ်တချို့ပေါ်မှာအကြမ်းဖက်တိုက်ခိုက်မှုပြုလုပ်ခဲ့ကြတာလို့လည်းသတင်းတွေကဖော်ပြကြပြီး ဒီအကြမ်းဖက်မှုဖြစ်စဉ်မှာ မော်တော်ဆိုင်ကယ် ၇ စီးလည်း ဖျက်ဆီးခံထားရတာကို သတင်းဖော်ပြချက်တွေအရသိရပါတယ်။
Photo: Than Htay
"ဖြစ်စဉ်အပေါ်ကိုခြုံငုံသုံးသပ်မယ်ဆိုလို့ရှိရင် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ဖို့ဥပဒေတွေလည်းရှိတယ်၊ ဒီဥပဒေတွေကိုင်တွယ်တဲ့သူတွေနေရာမှာ သက်ဆိုင်ရာအဖွဲ့အစည်းအဆင့်ဆင့်အလိုက် ဌာနဆိုင်ရာတွေရဲ့အားလည်းလိုတယ်လို့ ကျွန်တော်မြင်ပါတယ်၊ ဒီလိုဘာကြောင့်အားနည်းရသလဲဆိုလို့ ရှိရင်လည်းပဲ ဒါကရိုးရိုးရှင်းရှင်းလေးပါပဲ၊ NLD အောင်နိုင်ရေးဗဟိုအတွင်းရေးမှူးကနိုင်ငံတော်သမ္မတပါ၊ ဝန်ကြီးချုပ်တွေသည် ဗဟိုအောင်နိုင်ရေးရဲ့အဖွဲ့ဝင်တွေဖြစ်ပါတယ်၊ အဲဒီတော့အုပ်ချုပ်ရေးပိုင်းဆိုင်ရာက နိုင်ငံတော်သမ္မတရဲ့အောက်ကဝန်ထမ်းတွေ၊ ဒီဝန်ထမ်းတွေက သူတို့သမ္မတကြီး ရဲ့ NLDဆောင်ရွက်မှုတွေ လုပ်ဆောင်မှုတွေကို တိုင်ကြားလို့ရှိရင် အရေးယူရဲပါ့မလားဆိုတဲ့မေးခွန်းထုတ်စရာဖြစ်ပါတယ်၊ နိုင်ငံတော်မှာရှိနေတဲ့ဖွဲ့စည်းပုံအခြေခံဥပဒေအပေါ်မှာ ရပ်တည်ပြီးတော့ဆောင်ရွက်ကြမယ်၊ ဥပဒေကိုဥပဒေနဲ့အညီ ထုတ်ပြန်ထားတဲ့အမိန့်ကို ထုတ်ပြန်ထားတဲ့အမိန့်နဲ့အညီသာဆောင်ရွက်မယ်ဆိုလို့ရှိရင် ဒီလိုကိစ္စမျိုးတွေရှိနိုင်ဖို့ဟာအားနည်းသွားလိမ့်မယ်လို့ ကျွန်တော်မြင်ပါတယ်" လို့လည်း ဦးသိန်းထွန်းဦးကပြောပါတယ်။
အဲဒီနေ့က ပြည်ခိုင်ဖြိုးပါတီထောက်ခံဝန်းရံသူတွေဟာ ကျေးရွာ ၃ ရွာလှည့်လည်ဖို့အစီအစဉ်ရှိခဲ့တာဖြစ်ပြီး ကာဘိုးကျေးရွာအဝင်မှာNLDတီ အမှတ်တံဆိပ်အရောင်ဝတ်ဆင်ထားသူ တစ်ရာ့ငါးဆယ်လောက်က လမ်းပိတ်ဆို့ရာကနေ ပြဿနာစခဲ့တာဖြစ်တယ်လို့လည်း ဦးသိန်းထွန်းဦးက ဆိုပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်လို့ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူတွေဘက်ကလည်း ဝန်းရံသူအမျိုးသမီးနှစ်ဦးအရိုက်ခံရတာနဲ့ပတ်သက်လို့ တန်ပြန်အမှုဖွင့်ထားတယ်လို့လည်း သိရပါတယ်။