လာမယ့် ၂၀၂၀ရွေးကောက်ပွဲအတွက် ကြိုတင်မဲကောက်ခံရာမှာ ကိုဗစ်၁၉ရောဂါစစ်ဆေးတွေ့ရှိ ကုသမှုခံယူနေသူတွေ နဲ့ ကွာရန်တင်း နေထိုင်သူတွေကို မဲလက်မှတ်ကို မထိတွေ့စေဘဲ မဲပေးနိုင်ဖို့ ဆောင်ရွက်မှာ ဖြစ်တယ်လို့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲတွေထံက သိရပါတယ်။
ဒီလိုကြိုတင်မဲကောက်ခံရာမှာတော့ ကိုဗစ်၁၉ကုသရာဌာနများနဲ့ ကွာရန်တင်းစင်တာတွေမှာ ရောက်ရှိနေသူတွေရဲ့ မဲပေးလိုမှုဆန္ဒကို ကြိုတင်မေးမြန်းပြီးမှသာ မဲလက်မှတ်ပြင်ဆင်ပေးသွားမှာဖြစ်တယ်လို့ သိရပါတယ်။
" အနောက်ပိုင်းခရိုင်တင်မဟုတ်ပါဘူး ။ ရန်ကုန်တစ်တိုင်းလုံး ညွှန်ကြားထားတာပါ ။ ကိုဗစ်စင်တာတွေမှာ ပေါ့စတစ်ဖြစ်တဲ့လူတွေဆိုရင် နီးစပ်ရာမြို့နယ်က အဲဒီမှာရှိတဲ့ မဲဆန္ဒပေးချင်တဲ့စာရင်းအတိုင်းသွားပြီး မဲလက်မှတ်တွေပေးပါမယ်။ အဲဒီကိုဗစ်စင်တာက အကြီးအကဲပေါ့။ ဆရာဝန်ကြီးစသည်ဖြင့်ပေါ့ ။ သူတို့ကို မဲပေးခိုင်းတဲ့ပုံစံက မှန် သို့မဟုတ် ပလပ်စတစ်ကာထားမယ် ။ သူပေးရမယ့် မဲလက်မှတ်ကို ထောင်ပြမယ် ။သူပေးချင်တဲ့ ပါတီကို သူ့ရှေ့မှာပဲ ပေးလိုက်မယ် ။ ဘေးမှာလည်း သက်သေတော့ ပါမှာပေါ့ ။ သူနဲ့ဒီမဲစာရွက် လုံးဝမထိတွေ့ရဘဲ မဲပေးပါမယ် ။ ပြီးရင်အဲဒီမဲလက်မှတ်ကို ပိုးသတ် စာအိတ်ထဲထည့်ပြီး မြို့နယ်ကော်မရှင် ကြိုတင်မဲပုံးဆီကို ထည့်ပါမယ် ။ အဲဒီစနစ်နဲ့ ဆောင်ရွက်ပါမယ် " လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဥက္ကဌ ဦးခင်မောင်ဝင်းက Duwun ကို ပြောပါတယ်။
ဒီလို ကောက်ခံမှုက လက်ရှိကိုဗစ်၁၉ရောဂါဖြစ်ပွားမှုကြောင့် ကောက်ခံရတဲ့ ထူးခြားစနစ်ဖြစ်ပြီး မဲပေးသူနဲ့ မဲလက်မှတ်ပေါ် အမှတ်ခြစ်ပေးသူတို့ သိနိုင်တဲ့ မဲပေးမှုဖြစ်တာကြောင့် လျှို့ဝှက်ဆန္ဒမဲတော့ မဖြစ်နိုင်ဘူးလို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးဥက္ကဌ ဦးခင်မောင်ဝင်းက Duwun ကို ပြောပါတယ်။
" ဒါက သူနဲ့ကိုယ်နဲ့ နှစ်ယောက်လောက်တော့ သိတယ်ဆိုတော့ တစ်ယောက် နှစ်ယောက်လောက်သိနိုင်တော့ မဲပေးသူတစ်ယောက်တည်း သိတဲ့ လျှို့ဝှက်မဲတော့ မဖြစ်နိုင်ဘူးပေါ့ ။ အဲဒီလို မလုပ်လို့လည်း မရဘူး ။ သူတို့ထိတွေ့ကိုင်တွယ်ထားတာကို ဘယ်သူက ကိုင်ရဲမှာလဲ ။ ကော်မရှင်က လူတွေ မကိုင်ရဲဘူး ။ ဒါကတော့ ဒီနှစ်ရဲ့ အခြေအနေကြောင့် ထူးခြားဖြစ်စဉ်ပေါ့ " လို့ ဦးခင်မောင်ဝင်းက Duwun ကို ပြောပါတယ်။
လက်ရှိအချိန်မှာတော့ မြို့နယ် ၊ ခရိုင်အလိုက် ကွာရန်တင်းစင်တာတွေ နဲ့ ကိုဗစ်ကုသရေးဌာနတွေမှာ ရောက်ရှိနေတဲ့သူတွေရဲ့ ဆန္ဒမဲပေးလိုမှု စာရင်းကို ကောက်ခံနေပြီး မဲလက်မှတ်တွေ ပြင်ဆင်နေပြီ ဖြစ်တယ်လို့ သိရပါတယ်။
" ကွာရန်တင်းစင်တာမှာတော့ ကြိုတင်မဲကောက်ဖို့က ကော်မရှင်နဲ့ကွာရန်တင်းစင်တာနဲ့ ညှိနှိုင်းပြီး လုပ်ဆောင်ပါတယ်။ လော့ဒေါင်းဧရိယာတွေမှာလည်း အိမ်တိုင်ရာရောက်ကောက်ခံဖို့ စီစဉ်ထားပြီးပါပြီ ။ ရပ်ကျေးကော်မရှင်တွေက တာဝန်ယူဆောင်ရွက်ပေးပါလိမ့်မယ်။ ကွာရန်တင်းစင်တာမှာကောက်မှာကလည်း ကာယကံရှင်ကို မဲလက်မှတ်ပြပြီး သူတို့ပေးချင်တဲ့ဟာကို တာဝန်ယူပြီး ပေးပေးမှာပါ ။ ဒီလက်မှတ်ကို သူတို့ထိတွေ့ဖို့ကတော့ အခက်အခဲရှိပါတယ်။ သူတို့အဆိုပြုတာကို သူတို့မျက်စိရှေ့တင်ပဲ ပေးပေးမှာပါ။သူတို့က ဆေးမစစ်ရသေးတဲ့အတွက် သူတို့အဖြေကို မသိရသေးတဲ့သူတွေဖြစ်တာကြောင့် ပေါ့စတစ်လို့ပဲ သတ်မှတ်ထားပြီး လုပ်ရမှာပါ ။သူတို့အခန်းတွေကို PPE တွေဝတ်ပြီးပဲ လိုက်ကောက်မှာပါ " လို့ ကမာရွတ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးသိန်းဇော်ဦးက Duwun ကို ပြောပါတယ်။
လာမယ့် ၂၀၂၀ရွေးကောက်ပွဲအတွက် မိမိနေရပ်ကို ပြန်လည်ပြီး ဆန္ဒမဲမပေးနိုင်သူများ ၊ အသက်(၆၀)အထက် မဲဆန္ဒရှင်များ ၊ ကွာရန်တင်စင်တာအသီးသီးမှာ နေထိုင်ရသူများနဲ့ ကိုဗစ်၁၉ ရောဂါစစ်ဆေးတွေ့ရှိကုသနေသူများအတွက် ကြိုတင်ဆန္ဒမဲကို အောက်တိုဘာလ ၂၅ရက်ကနေ နိုဝင်ဘာလ ၇ရက်အထိ သက်ဆိုင်ရာမြို့နယ်နဲ့ ရပ်ကွက်/ကျေးရွာအုပ်စု ကော်မရှင် အဖွဲ့ခွဲတွေက သတ်မှတ်ထားတဲ့ နေ့ရက် ၊ အချိန် နဲ့ နေရာများအတိုင်း ပေးနိုင်မယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က အောက်တိုဘာလ ၂၄ရက်က ထုတ်ပြန်ကြေညာခဲ့တာ ဖြစ်ပါတယ်။
Share