ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်စော်ကားတဲ့စာသားတွေထည့်သွင်းသီဆိုထားတဲ့သီချင်းဖွင့် လှည့်လည်မဲဆွယ်ခဲ့ပါတယ်။

ပြည်ခိုင်ဖြိုးပါတီအတွက်မဲဆွယ်သူတွေက နွားထိုးကြီးမြို့နယ်ထဲကကျေးရွာတွေမှာမဲဆွယ်ပွဲပြုလုပ်တာမှာ NLD ပါတီဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်အား ပုဂ္ဂိုလ်ရေးပုတ်ခတ်စော်ကားတဲ့စာသားတွေပါတဲ့ သီချင်းတစ်ပုဒ်နဲ့ မဲဆွယ်ခဲ့တာအပေါ် နွားထိုးကြီးမြို့နယ် NLD ပါတီအောင်နိုင်ရေးဥက္ကဋ္ဌက ဒီကနေ့နေ့လယ်ပိုင်းက တရားရုံးဦးတိုက်လျှောက်ထားတရားစွဲဆိုလိုက်ပြီ ဖြစ်ပါတယ်။

"ဟုတ်ကဲ့ဗျ တရားရုံးကိုဦးတိုက်လျှောက်ထားပါတယ်၊ ကျွန်တော်တို့နောက်ဆက်တွဲလည်းဆက်လုပ်ဖို့ရှိနေပါသေးတယ်၊ လောလောဆယ်ကတော့ အသံချဲ့စက်ဖွင့်တဲ့ လူကို တရားရုံးမှာဦးတိုက်လျှောက်ထားပါတယ်၊ နောက်ဆက်တွဲရဲကစုံစမ်းဖို့တော့သူ့တာဝန်ပေါ့ဗျာ၊ ဒီအခွေဘယ်ကရသလဲဆိုတာ ရဲရဲ့လုပ်ထုံးလုပ်နည်းအရ သူတို့ စုံစမ်းရမယ့်အပိုင်းဖြစ်သွားပြီ၊ ပါတီအောင်နိုင်ရေးဥက္ကဋ္ဌဦးမောင်သုကတရားရုံးဦးတိုက်လျှောက်ထားတာပါ" လို့ နွားထိုးကြီးမြို့နယ်မဲဆန္ဒနယ်အမှတ်(၂)မှ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်ဦးစိန်ကျော်မိုးက Duwun ကိုပြောပါတယ်။



ပြည်ခိုင်ဖြိုးပါတီရွေးကောက်ပွဲမှာအောင်နိုင်ရေးအတွက်ဆိုပြီး ပြည်ခိုင်ဖြိုးပါတီအတွက်မဲဆွယ်သူလူတစ်စုဟာ နွားထိုးကြီးမြို့နယ်ထဲကကျေးရွာတွေဆီ မနေ့က သီချင်းဖွင့်လှည့်လည်တာမှာ NLD ပါတီအောင်နိုင်ရေးသီချင်းတစ်ပုဒ်ဖြစ်တဲ့ ဒေါက်ဖိနပ်လျှောက်သံ သီချင်းစာသားတွေနေရာမှာ NLDပါတီဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား ပုတ်ခတ်စော်ကားတဲ့စာသားတွေထည့်သွင်းသီဆိုထားတဲ့သီချင်းဖွင့် လှည့်လည်မဲဆွယ်ခဲ့ပါတယ်။

"ဝက်လူး ပဲချက်ကျေးရွာလမ်းတစ်လျှောက် ဒီသီချင်းတစ်ပုဒ်ကိုပဲ တောက်လျှောက်ဖွင့်တာပါ၊ သီချင်းစာသားအရမ်းကြမ်းလွန်းတော့ မခံမရပ်နိုင်ဖြစ်ပြီး ဗီဒီယိုရိုက်ကူး သူက လိုင်းပေါ်တင်တာကနေ ပြန့်သွားတယ်ထင်တယ်၊ ဒါကကျွန်တော်တို့မြို့ကိုထိခိုက်စေတဲ့လုပ်ရပ်မို့ တရားစွဲတဲ့အပေါ်ဝန်းရံသွားမှာပါ"လို့ နွားထိုးကြီးမြို့နယ်က အမည်မဖော်လိုတဲ့ဒေသခံတစ်ဦးကပြောပါတယ်။

ဒီကိစ္စအပေါ် အမှုဖွင့်ဖို့ NLD ပါတီဘက်က ရဲစခန်းသွားရောက်အကူအညီတောင်းခဲ့ပေမယ့်လည်း ရဲစခန်းက တရားရုံးဦးတိုက်လျှောက်ထားဖို့သာပြောခဲ့တယ် လို့လည်းသိရပါတယ်။ ရဲစခန်းအကြောင်းကြားတယ်ဗျ ရွေးကောက်ပွဲအကြိုကာလမှာဖြစ်စဉ်ဆိုတော့ သူတို့က တရားရုံးဦးတိုက်လျှောက်ဖို့ပဲပြောတာနဲ့ တရားရုံးဦးတိုက်လျှောက်ဖြစ်သွားတာပေါ့ နောက်ဆက်တွဲအနေနဲ့ မြို့နယ်ရွေးကောက်ပွဲကျင်းပရေးကော်မရှင်အဖွဲ့ခွဲဆီ တိုင်ကြားသွားမယ်လို့လည်း လွှတ်တော်ကိုယ်စားလှယ်ဦးစိန်ကျော်မိုးက ပြောပါတယ်။

Share

Loading Next Article...
က္က