ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ဖွံ့ဖြိုးရေးပါတီ (USDP)က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို မဲပေးသူများ နဲ့ ဝန်ထမ်းများအတွက် ရှင်းလင်းတိကျတဲ့ ကျန်းမာရေးအစီအမံနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဖြစ်စေရေးအတွက် ဘယ်လို တာဝန်ယူ ၊ တာဝန်ခံမှု လုပ်ဆောင်သွားမလဲဆိုတာကို အိတ်ဖွင့်ပေးစာနဲ့မေးမြန်းခဲ့တာ ဖြစ်ပါတယ်။
ဒီအိတ်ဖွင့်ပေးစာမှာတော့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့နယ်မြေအဖြစ် ကိုဗစ်၁၉ကူးစက်မှုနှုန်းမြင့်မားနေတဲ့ ရန်ကုန်တိုင်းဒေသကြီးက မဲဆန္ဒနယ်တွေမပါဝင်ဘဲ တိုင်းရင်းသားနယ်မြေများ အများဆုံးပါဝင်နေခြင်း ၊ ပစ်ခတ်တိုက်ခိုက်မှုနဲ့ရောဂါကူးစက်မှုမရှိသလောက်နည်းပါးတဲ့ဒေသများပါဝင်နေခြင်း ၊ တိုက်ပွဲဖြစ်ပွားသည့်နေရာများပါဝင်ခြင်း နဲ့ ဒီဆုံးဖြတ်ချက်အတွက် တိုင်းရင်းသားလူမျိုးစု သန်းနဲ့ချီမဲပေးခွင့်ဆုံးရှုံးတယ်လို့ ဖော်ပြထားပါတယ်။
ဒါ့အပြင် ကူးစက်ရောဂါရဲ့ ခြမ်းခြောက်မှုကို ခံနေရတဲ့ ရန်ကုန်တိုင်းအပါအဝင် မဲဆန္ဒနယ်မြေအများအပြားမှာ မဲရုံစောင့်ကြပ်ကြမယ့် ဝန်ထမ်းတွေရဲ့ ပူပင်မှုနဲ့ တရားမျှတဲ့ရွေးကောက်ပွဲဖြစ်ရေးအတွက် မဲပေးခွင့်ရှိသူကို မှန်ကန်စွာစစ်ဆေးနိုင်ဖို့နဲ့ မဲပေးတဲ့ လုပ်ထုံးလုပ်နည်းတွေကို ရှင်းလင်းပြီး တပြေးညီလိုက်နာကျင့်သုံးနိုင်ဖို့ ပြည်သူများအပါအဝင် မဲရုံဝန်ထမ်းများ ၊ ကော်မရှင်အဖွဲ့များ ရှင်းလင်းတိကျစွာ သိရှိထားဖို့ လိုအပ်တယ်လို့ အိတ်ဖွင့်ပေးစာမှာ ဖော်ပြထားပါတယ်။
အိတ်ဖွင့်ပေးစာမှာ ရောဂါဘေး ၊ လက်နက်ဘေးကျရောက်တဲ့နယ်မြေတွေမှာ ရွေးကောက်ပွဲရွှေ့ဆိုင်း/ ပယ်ဖျက်ခြင်း ၊ ဘေးအန္တရာယ်နည်းပါတဲ့ဒေသတွေမှာ ရွေးကောက်ပွဲမဖြစ်မနေကျင်းပရေး ၊ မဲစာရင်းနဲ့မဲပေးခြင်း လုပ်ထုံးလုပ်နည်းများ ၊ မဲပေးပိုင်ခွင့်ရှိသူများကို တိကျခိုင်မာပြီး အာမခံနိုင်ရေး နဲ့ လုပ်ထုံးလုပ်နည်းများ တစ်ပြေးညီသတ်မှတ်ထုတ်ပြန်ရေး ၊ ရောဂါကူးစက်မှု ၊ သေဆုံးမှု ၊ ထိန်းချုပ်နိုင်မှုတို့ကို တာဝန်ယူ တာဝန်ခံမှုအပြည့်နဲ့ တိကျစွာ ထုတ်ပြန်ပေးရေး ၊ မဲပေးခြင်းကြောင့် ရောဂါပျံ့ပွားမှု ပိုမိုဆိုးရွားမလာနိုင်ကြောင်း နဲ့ အကာအကွယ်အစီအမံများကို အချက်အလက်အထောက်အထား ပြည့်စုံစွာ ဖော်ပြဖို့အတွက် အိတ်ဖွင့်ပေးစာကနေ တောင်းဆိုထားပါတယ်။
ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဆီ အောက်တိုဘာလ ၂၆ရက် ရက်စွဲနဲ့ အိတ်ဖွင့်ပေးစာ ပေးပို့ခဲ့ပြီး ပါတီရဲ့ လူမှုကွန်ရက်စာမျက်နှာကနေ ထိုအိတ်ဖွင့်ပေးစာကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။