မီးနိုကတော့ ကိုဗစ်ကြောင့် ဂီတလှုပ်ရှားမှုတွေ နားထားရတဲ့ အချိန်မှာ ဖြတ်သန်းနေရတဲ့ အတွေ့အကြုံတွေကို ပြောပြခဲ့ပါတယ်။
Photo: Mee No
အဆိုတော် တစ်ယောက်အဖြစ် ပရိသတ်တွေရဲ့ အားပေးမှု ရရှိထားတဲ့ မီးနိုကတော့ ကိုဗစ်ကြောင့် ဂီတအလုပ်တွေ ရပ်နားထားရပေမယ့် ပရိသတ်တွေအတွက် သီချင်းအသစ်လေးတွေ ထွက်ဖို့ ပြင်ဆင်နေတယ်လို့ သိရပါတယ်။ ဒါပေမယ့် ဒီကာလမှာ ဝင်ငွေ မရှိတာကြောင့် သီချင်းတွေလုပ်ဖို့အတွက် အကြွေးတင်နေရတယ်လို့ Duwun ကို ပြောလာခဲ့ပါတယ်။
“ မီးနိုတို့ အနုပညာရှင်တွေက ပေးဆပ်ခြင်းနဲ့ပဲ သွားတာ ကိုယ်အရမ်းဝါသနာပါတဲ့ အလုပ်တွေက ပေးဆပ်ခြင်းနဲ့ပဲ သွားရတာဆိုတော့ Income ဆိုတာ မရှိဘူး။ အခုတော့ ဖျော်ဖြေပွဲလေးတွေမှာ ဆိုခဲ့တဲ့ ပိုက်ဆံလေးတွေကို စုထားတာ ရှိတယ်။ အဲဒါလေးတွေနဲ့ အိမ်စားရိတ်လုပ်တယ်၊ သီချင်းလေးတွေ လုပ်တယ်။ အခုတောင် ပိုက်ဆံ မပေးနိုင်လို့ သီချင်း အကြွေးတောင် တင်နေပါသေးတယ်” လို့ သူက ဆိုပါတယ်။
Photo: Mee No
မီးနိုဟာ ဂီတကို ဝါသနာပါလွန်းသူ ဖြစ်တာကြောင့် Melody World သီချင်းဆို ပြိုင်ပွဲကနေတဆင့် အဆိုတော် တစ်ယောက်အဖြစ် ရပ်တည်လာခဲ့တာဖြစ်ပါတယ်။ သူဟာ ကိုယ်ပိုင်အရည်အချင်းနဲ့ ကြိုးစားချင်တဲ့ ဆန္ဒရှိသူဖြစ်တာကြောင့် ဂီတနဲ့ ပတ်သက်ပြီး သူ့ရဲ့ ခံယူချက်ကို အခုလို ပြောပြခဲ့ပြန်ပါသေးတယ်။
“ မီးနိုရဲ့ ခံယူချက်ကတော့ ကိုယ့်မှာ အရည်အချင်းရှိတယ်၊ အဲဒီအတွက် ပရိသတ်ကို အကောင်းဆုံးဖြစ်အောင် ဘယ်လိုတွေ ထူးထူးခြားခြား လုပ်ပြခွင့်ရမလဲဆိုတာကိုပဲ မီးနိုက စဉ်းစားတယ်။ အဓိက ကတော့ ပရိသတ်အကြိုက် ကိုယ့်အကြိုက် ထပ်တူကျတာကို စဉ်းစားတယ်။ ပြီးတော့ ပရိသတ်အကြိုက်လုပ်ရုံနဲ့မရဘူး Supporting တွေကလည်း လိုအပ်လာတယ်။ မီးနိုတို့ အနုပညာရှင်တွေက Supporting အများကြီးလိုတယ်၊ အဲဒီအတွက် Social ကောင်းဖို့လည်း လိုတယ်။ မီးနိုက Social ကောင်းတဲ့ အထဲမှာ မပါတဲ့ အတွက် သူများတွေက နှစ်ဆ ရုန်းတဲ့အချိန်မှာ မီးနိုက (၁၀) ဆ ရုန်းရတယ်။ အခုကတော့ ကိုယ်ဖြစ်ချင်တဲ့ ပုံစံအတိုင်းကိုပဲ ရှေ့ဆက်လျှောက်မယ်။ အများကြီး ကြိုးစားချင်တယ်” လို့ ဆက်လက် ပြောပြခဲ့ပါတယ်။
Photo: Mee No
မီးနိုကတော့ သီဆိုလိုက်တဲ့ သီချင်းတိုင်းကလည်း အချစ်သီချင်း ချိုချိုလေးတွေ၊ အသည်းကွဲသီချင်းလေးတွေဖြစ်လို့ ပရိသတ်နားထဲကို စွဲနေတာတော့ အမှန်ပါပဲ။ သူမဟာ “ အနိုင်အရှုံး” ၊ “ ပြိုင်ပွဲ” စတဲ့ တစ်ကိုယ်တော်အခွေတွေ ထွက်ရှိခဲ့တာဖြစ်ပြီး “ ဘုရားပေးတဲ့ဆု” ၊ “ Dreams Come True” စတဲ့ Single Songle လေးတွေလည်း ထွက်ရှိထားပါသေးတယ်။ လက်ရှိ အောင်မြင်မှု ရနေတဲ့ သီချင်းကတော့ မီးနိုကိုယ်တိုင် သီဆိုထားတဲ့ " အနှောင်အဖွဲ့" သီချင်းလေးပါပဲ။ ဒီသီချင်းဟာ ရုပ်ရှင် ဇာတ်ဝင်တေးတွေမှာလည်း တွေ့ရတတ်သလို လူငယ်ပရိသတ်တွေရဲ့ ပါးစပ်ဖျားမှာလည်း ရေပန်းစားလျှက်ရှိတဲ့ သီချင်း တစ်ပုဒ် ဖြစ်ပါတယ်။