ရွှေသံလွင် ဘိုးဘွားရိပ်သာမှ အဖိုးအဘွား (၄၈)ဦးနဲ့ ဝန်ထမ်း (၂၁)ဦးတို့ဟာ ကိုဗစ်ရောဂါကူးစက်ခံရပြီး အောက်တိုဘာလ (၁၄)ရက်နေ့မှာ Happy ကိုဗစ်စင်တာမှာ ဆေးကုသမှုခံယူခဲ့ပါတယ်။
မနေ့ကအောက်တိုလာ (၂၇)ရက်နေ့ ထိ အဘိုးအဘွား (၄၈)ထဲက (၄၅)ဦးနဲ့ ဝန်ထမ်းအားလုံးကတော့ ပြန်လည်ကောင်းမွန်ကာ ဆေးရုံကဆင်းသွားပြီဖြစ်တယ်လို့ သိရပါတယ်။
photo- ရွှေသံလွင်ဘိုးဘွားရိပ်သာ
“ မနေ့ကပဲ ဆေးရုံကဆင်းသွားကြပါပြီ။ လက်ရှိကုသမှုခံယူနေတဲ့ အဘွား (၃)ဦးသာကျန်ပါတော့တယ်။ အဘွား(၃)ဦးကလည်း စိုးရိမ်ရတဲ့အခြေအနေမဟုတ်ပါဘူး။ ကိုယ်ခံအားနည်းနေသေးလို့ဆရာဝန်က စိတ်ချရအောင် ထပ်ပြီး ကုသမှုခံယူခိုင်းတဲ့သဘောပါ”လို့ အဘိုးအဘွားတွေကို အနီးကပ်စောင့်ရှောက်မှုတွေလုပ်ပေးခဲ့တဲ့ Happy ကိုဗစ်စင်တာမှ Volunteer ကိုဝင်းသူနိုင်က Duwun ကို ပြောပါတယ်။
ကူးစက်ခံရတဲ့ အဘိုးအဘွားတွေမှာ အသက် (၉၀)ကျော်အရွယ်တွေထိပါဝင်တာကြောင့် စိုးရိမ်မှုတွေရှိခဲ့ကြပေမယ့် ကုသရေးကာလအတွင်းမှာတော့အဘိုးအဘွားတွေအတွက် လိုအပ်တာအားလုံးအပါအဝင် စိတ်ပိိုင်းဆိုင်ရာကအစ ပျော်ရွှင်အောင်ထားခဲ့တယ်လို့ သိရပါတယ်။
photo- ရွှေသံလွင်ဘိုးဘွားရိပ်သာ
တခြား လူလတ်ပိုင်းလူနာတွေကို ကုသရတာနဲ့မတူဘဲ အဘိုးအဘွားတွေအတွက် တာဝန်ကျဆရာတွေအပါအဝင် Volunteer တွေကအစ အကောင်းဆုံး ကြိုးစားဆောင်ရွက်ခဲ့ကြတယ်လို့ဆိုပါတယ်။ ရွှေသံလွင်ဘိုးဘွားရိပ်သာ ကူးစက်ခံရတဲ့ အဘိုးအဘွားတွေနဲ့ ဝန်ထမ်းတွေက (၁၅)ရက််ကြာ ကုသမှုခံယူခဲ့ရပြီး ပြန်လည်ကောင်းမွန်လာခဲ့ကြတာပါ။
လက်ရှိ ကုသရေးစင်တာမှာ ကျန်ရှိပြီး ကုသမှုခံယူနေတဲ့ အဘွား(၃)ဦးကိုလည်း ကိုယ်ခံအားကောင်းမွန်လာတာနဲ့ ဆေးရုံကဆင်းခွင့်ပြုမှာလည်းဖြစ်ပါတယ်။ ဘိုးဘွားရိပ်သာရဲ့ ကူးစက်မှုက အဘိုးအဘွားတွေကို အနီးကပ်ပြုစုစောင့်ရှောက်တဲ့ ဝန်ထမ်းတွေကနေတစ်ဆင့်ကူးစက်ခံရတာဖြစ်ပြီး လက်ရှိမှာတော့ ရိပ်သာတစ်ခုလုံးကို ပိုးသတ်ဆေးတွေးဖြန်းကာ စနစ်တကျနဲ့ အဘိုးအဘွားတွေပြန်လည်နေထိုင်နေပြီလည်း ဖြစ်ပါတယ်။