ရွေးကောက်ပွဲအတွက် မဲဆွယ်ကာလအတွင်းမှာ နိုင်ငံရေးပါတီတွေကို အားပေးထောက်ခံကြတဲ့သူတွေအနေနဲ့ ပါတီတစ်ခုနဲ့တစ်ခု အပြိုင်အဆိုင်မဲဆွယ်စည်းရုံးမှုတွေတွေ ပြုလုပ်နေချိန်မှာ ပဋိပက္ခတွေလည်း ဖြစ်ပေါ်ခဲ့ပါတယ်။
NLDပါတီအနေနဲ့ကတော့ အခုလိုမဲဆွယ်ကာလမှာ ဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခတွေနဲ့ ပတ်သက်ပြီး တစ်ဖက်ပါတီတွေရဲ့ တရားလွန်လုပ်ရပ်တွေကြောင့် ဥပဒေကြောင်းအရ အရေးယူဖို့ အမှုဖွင့်လျှောက်ထားတဲ့ အမှုပေါင်း (၁၀)မှုကျော်ခန့်ရှိတယ်လို့ NLDပါတီပြောရေးဆိုခွင့်ရှိသူ ဒေါက်တာ မျိုးညွန့်က Duwun ကို ပြောပါတယ်။
“ အခုလို ဥပဒေမဲ့ လုပ်ရက်တွေနဲ့ ရွေးကောက်ပွဲလုပ်ငန်းတွေကို နှောက်ယှက်နေတာက မြန်မာနိုင်ငံရဲ့ အနာဂတ်အတွက်မကောင်းပါဘူး။ ကျွန်တော်တို့ပါတီကို အားပေးထောက်ခံတဲ့သူတွေကိုတော့ တစ်ဖက်ကဘယ်လောက်ပဲရန်စနေပါစေ မိမိတို့ဘက်က လက်တုန့်မပြန်ဖို့၊ ထိပ်တိုက်မတွေ့ကြဖို့ မှာကြားထားပြီးသားပါ။ တကယ်လို့ ဥပဒေချိုးဖောက်မှုရှိရင် အထောက်အထားတွေရှာဖွေပြီး ဥပဒေအရဆောင်ရွက်ဖို့ကိုလည်း မှာထားတယ်။ မဲဆွယ်ကာလအတွင်းဖြစ်ပွါးခဲ့တဲ့ ပဋိပက္ခတွေမှာ လောလောဆယ်တော့ ဥပဒေထက်လွန်တဲ့လုပ်ရပ်တွေကိုတော့ အရေးယူဖို့ ကြိုးစားထားတဲ့ အမှုကက (၁၀)ခုကျော်လောက်တော့ ရှိနေပါပြီ”လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။
NLD ဘက်က အမှုဖွင့် တရားစွဲဆိုထားတဲ့ အမှုတွေထဲမှာ ပါတီအောင်နိုင်ရေးဆိုင်ဘုတ် ဖျက်ဆီးခံရခြင်းများနဲ့ပါတီဥက္ကဌအပါအဝင် ပါတီခေါင်းဆောင်တွေကို ပုတ်ခတ်ပြောဆိုခြင်းများ ပါဝင်တယ်လို့ သိရပါတယ်။
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူမြို့နယ်မှာဆိုရင် မဲဆွယ်ကာလအတွင်း NLD ကိုထောက်ခံသူများနဲ့ USDP ကို ထောက်ခံသူများ ခိုက်ရန်ဖြစ်ပွါးမှုတွေကြောင့် NLDပါတီကို အားပေးထောက်ခံသူတစ်ဦးသေဆုံးခဲ့မှုလည်း ဖြစ်ပွားခဲ့ပါသေးတယ်။
အခုလို သေဆုံးခဲ့တဲ့အပေါ်မှာလည်း တန်ဖိုးရှိတဲ့ ပြည်သူတစ်ဦးသေဆုံးခဲ့တာ ဖြစ်တယ်လို့ ဒေါက်တာမျိုးညွန့်ကပြောပါတယ်။
NLD ပါတီအနေနဲ့ကတော့ ပါတီဝင်တွေကိုကော အားပေးထောက်ခံတဲ့သူတွေကိုပါ တရားဥပဒေစိုးမိုးရေးနဲ့ အကြမ်းမဖက်ရေးမူဝါဒကို လက်ကိုင်ထားဖို့ အကြံပြုထားပြီး တစ်ဖက်က တရားလွန်လုပ်ရပ်တွေရှိလာရင်တော့ ဥပဒေနဲ့သာ ဆက်လက်ဆောင်ရွက်သွားဖို့ တိုက်တွန်းထားတယ်လို့ ဆိုပါတယ်။