ဂျင်းနီကတော့ ဂီတအလုပ်တွေ ရပ်နားထားတဲ့ အချိန်မှာ ဘာသာရေးနဲ့ ပတ်သက်တာတွေကို အရင်တုန်းကထက် ပိုလုပ်ဖြစ်နေတယ်လို့ ပြောပါတယ်။
Photo: Jenny
ဂျင်းနီကတော့ Covid ကာလကြောင့် ဂီတလှုပ်ရှားမှုတွေ ရပ်နားထားပါတယ်။ ဒီကာလမှာ အခြားအနုပညာရှင်တွေကတော့ စီးပွားရေးအနေနဲ့ Online Shop တွေ လုပ်နေကြပေမယ့် သူမကတော့ အခုလို လုပ်တာ သိပ်မတွေ့ရပါဘူး။ ဒါပေမယ့် သူမအနေနဲ့ အခုလို အားလပ်ရက်တွေကို အကျိုးရှိအောင် ဘာသာရေးအလုပ်တွေ ပိုလုပ်ဖြစ်နေတယ်လို့ Duwun ကို ပြောပြခဲ့ပါတယ်။
“ ဂျင်းနီက ဘာသာရေးနဲ့ ပတ်သက်ပြီး အရင်တုန်းကလည်း လုပ်တယ်၊ အခု ဒီကာလမှာတော့ အလုပ်တွေ အားနေတဲ့အတွက် ပိုပြီးတော့ လုပ်ဖြစ်တယ်။ အိမ်မှာ အမေက အဓိဌာန်ဝင်ရင် ကိုယ်ကလည်း အမေ အဖော်ရအောင်ဆိုပြီးတော့ ဘေးနားမှာ အတူတူ အဓိဌာန်လိုက်ဝင်တယ်။ ကိုယ်ကတော့ ကိုယ့်အလုပ်နဲ့ ပတ်သက်တာလေး ဆုတောင်းတာပေါ့နော်။ အရင်ကထက် တရားလည်း ပိုထိုင်ဖြစ်တယ်၊ ဘာသာရေးနဲ့ ပတ်သက်တဲ့ ဆောင်းပါးတွေ၊ စာအုပ်တွေ ပိုဖတ်တယ်။ အခုချိန်မှာ အားလုံးက စိတ်ထိခိုက်နေရတဲ့ ကာလလေးဖြစ်တဲ့အတွက် စိတ်ခွန်အား ဖြစ်စေမယ့် စာအုပ်လေးတွေဖတ်တယ် ပိုအေးချမ်းလာတယ်” လို့ သူကဆိုပါတယ်။
Photo: Jenny
ဂျင်းနီ အနေနဲ့ ဘာသာရေးကို အာရုံစိုက်ပြီး တစိုက်မတ်မတ်လုပ်လာတဲ့ အချိန်မှာ တကယ်ကို စိတ်အေးချမ်းရတယ်လို့ ဆိုပါတယ်။ သူကိုယ်တိုင် ပြောင်းလဲ လာခဲ့တဲ့ အရာလေးတွေလည်းရှိတဲ့အကြောင်း ပြောပြခဲ့ပါသေးတယ်။
“ ဘာသာရေးကို ပိုလုပ်လာတဲ့ အချိန်မှာ စိတ်လေး ပိုအေးချမ်းလာတယ်။ ဟုတ်သော်ရှိ၊ မဟုတ်သော်ရှိ သူများတွေ အပေါ်မှာ ကိုယ်က အကောင်းမြင်ပြီးတော့ နေတတ်လာတယ်။ ဂျင်းနီက နဂိုကတည်းက Positive တွးတတ်တဲ့သူပါ။ အခုချိန်မှာတော့ အရင်တုန်းကထက် ပိုပြီးတော့ အေးအေးချမ်းချမ်းလေး နေနိုင်လာတယ်။ ပြီးတော့ တစ်ဖက်သားအပေါ်မှာလည်း သူက ဒီလို အခက်အခဲလေးကြောင့်ဖြစ်မှာပါတို့၊ သူ့သဘောနဲ့ သူ ဖြစ်မှာပါ ဆိုပြီးတော့ တွေးမိလာတယ်။ အလှူအတန်းဆိုလည်း အလှူအတန်း အလျှောက်ပေါ့။ ကိုယ်က အခုချိန်မှာ စားနိုင်သောက်နိုင်တယ် ဆိုပေမယ့် အရမ်းချမ်းသာတဲ့လူလည်း မဟုတ်တော့ တတ်နိုင်တဲ့ အရာလေးတွေတော့ လှူဖြစ်တယ်။ အခုချိန်မှာ စီးပွားရေးလည်း ထူးထူးခြားခြား မရှိတဲ့ အခါကျတော့ ကိုယ့်ထက် ပိုပြီးတော့ အဆင်မပြေတဲ့သူတွေကို တတ်နိုင်သလောက် ပံ့ပိုးပေးနေတဲ့ သဘောပါ” လို့ သူကဆိုပါတယ်။
Photo: Jenny
အဆိုတော် ဂျင်းနီဟာ ငယ်စဉ်ကလည်း အနုပညာလောကထဲကို ရောက်ရှိခဲ့သူဖြစ်ပါတယ်။ သုံးဆယ့်ရှစ်ဖြာမင်္ဂလာဆိုတဲ့ အစီအစဉ်ကလို့ ပရိသတ်တွေ သတိထားမိလာတာဖြစ်ပြီးဟန်နွေငြိမ်းဆိုတဲ့ နာမည်နဲ့ ဆို၊က၊ရေး၊တီး အစီအစဉ်တွေမှာလည်း ရွှေဆုတံဆိပ်တွေ ရရှိထား သူလည်း ဖြစ်ပါတယ်။ သူမဟာ သရုပ်ဆောင် တစ်ယောက်အနေနဲ့ပါ ဇာတ်ကားတွေ ရိုက်ကူးခဲ့ဖူးပါတယ်။ လက်ရှိမှာတော့ ဂီတအလုပ်တွေကိုသာ တစိုက်မတ်မတ်လုပ်ကိုင်ရင်း ပရိသတ် အခိုင်အမာ ရရှိထားတဲ့ အဆိုတော် တစ်ယောက်ဖြစ်လို့နေပါပြီ။