ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာခဲ့တဲ့ ရွေးကောက်ပွဲမကျင်းပနိုင်တဲ့ နယ်မြေတွေထဲက စာရင်းပယ်ဖျက်ပြီး ကျင်းပမယ့်နေရာတွေအဖြစ် ရခိုင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်ထဲက စုစုပေါင်း မြို့နယ်(၅)ခုကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဒီနေ့ အောက်တိုဘာလ ၂၇ရက်မှာ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒီထဲကမှ သက်ဆိုင်ရာဌာနအသီးသီးရဲ့ စိစစ်တင်ပြချက်အရ ရွေးကောက်ပွဲကျင်းပနိုင်တဲ့ နယ်မြေတွေအဖြစ် ရခိုင်ပြည်နယ် ၊ ကျောက်ဖြူမြို့နယ်က ဂုံးချိန် ၊ စစ်တော ၊အဝတောင်ကျေးရွာအုပ်စု သုံးခု နဲ့ အမ်းမြို့နယ်က အမ်းမြောက် ၊ အောက် ၊ လုံးကောက် ၊ အမ်းတောင်ကျေးရွာအုပ်စု စုစုပေါင်း (၇)ခုကို ကော်မရှင်က ထုတ်ပြန်ကြေညာခဲ့ပါတယ်။
ဒါ့အပြင် ရှမ်းပြည်နယ်ထဲက ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ကြေညာခဲ့တဲ့ ရပ်ကွက်၊ကျေးရွာအုပ်စုတွေထဲက တော်ရွက်ရပ်ကွက်(မူဆယ်မြို့နယ်) ၊ မယ်ဟန်ကျေးရွာအုပ်စု(လားရှိုးမြို့နယ် ) နဲ့ မန်ပြိန်းကျေးရွာအုပ်စု (ကွမ်းလုံမြို့နယ်)တို့ကို ရွေးကောက်ပွဲကျင်းပမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။
အောက်တိုဘာလ (၁၆)ရက်က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲ မကျင်းပနိုင်တဲ့ မဲဆန္ဒနယ်မြေတွေအဖြစ် ကချင် ၊ ကရင် ၊ ပဲခူး ၊ မွန် ၊ ရခိုင် ၊ ရှမ်းပြည်နယ်ထဲက မြို့နယ် ၊ ရပ်ကွက် ကျေးရွာအုပ်စုတွေကို ကြေညာခဲ့ပြီး ရခိုင်ပြည်နယ်က မြို့နယ် (၉)ခု ၊ ရပ်ကွက်(၁၅)ခု ၊ ကျေးရွာအုပ်စု (၁၃၇)ခု ပါဝင်ပြီး ရှမ်းပြည်နယ်ထဲက မြို့နယ်(၆)ခု ၊ ရပ်ကွက်(၈)ခု နဲ့ ကျေးရွာအုပ်စု (၁၂၇)ခုတို့ ပါဝင်ပါတယ် ။
ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်းက ကျေးရွာပေါင်း (၉၄) ခုကို လွတ်လပ်ပြီးတရားမျှတတဲ့ ရွေးကောက်ပွဲ ကျင်းပဖို့ အခြေအနေမရှိတာကြောင့် ဖျက်သိမ်းလိုက်ကြောင်း ကိုလည်း ဒီကနေ့မှာပဲ ရွေးကောက်ပွဲကော်မရှင်က ထပ်မံကြေညာထားပါတယ်။