နိုဝင်ဘာ(၈) ရက်မှာ ကျင်းပမယ့် ၂၀၂၀ မြန်မာနိုင်ငံအထွေထွေရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့ ဂျပန်အစိုးရ အထူးကိုယ်စားလှယ် မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပြီး ဒီမိုကရေစီနည်းလမ်းကျ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲပေါ်ပေါက်လာမယ်လို့ အခိုင်အမာယုံကြည်တယ်လို့ ဂျပန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက ထုတ်ပြန်လိုက်ပါတယ်။
ဒါ့အပြင် အောက်တိုဘာ (၂၀) ရက်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က နယ်မြေလုံခြုံရေးအခြေအနေတွေအရ အချို့ဒေသေတွေမှာ ရွေးကောက်ပွဲ မကျင်းပနိုင်ဘူးလို့ ကြေညာခဲ့ပေမယ့် ကော်မရှင်နဲ့ မြန်မာအစိုးရက မဲဆန္ဒနယ်အားလုံးမှာ ဆန္ဒမဲပေးနိုင်ဖို့ အထူးကြိုးပမ်းဆောင်ရွက်မယ်လို့ မျှော်လင့်မိပါကြောင်း ဂျပန်အထူးကိုယ်စားလှယ်က တိုက်တွန်းခဲ့တာပါ။
ဂျပန်အစိုးရရဲ့ မြန်မာနိုင်ငံအမျိုးသား ပြန်လည်သင့်မြတ်ရေးဆိုင်ရာ အထူးကိုယ်စားလှယ်ဖြစ်တဲ့ မစ္စတာ ယိုဟီ ဆာဆာကာဝါဟာ (၂၀၁၅) ရွေးကောက်ပွဲတုန်းကလည်း မြန်မာရွေးကောက်ပွဲကိုလာရောက်လေ့လာခဲ့သူဖြစ်ပြီး အခု (၂၀၂၀) ရွေးကောက်ပွဲကို လေ့လာစောင့်ကြည့်ဖို့အတွက် အောက်တိုဘာ (၂၉) ရက်ကနေ နိုဝင်ဘာလ (၂၉) ရက်အထိ မြန်မာနိုင်ငံကို လာရောက်မှာဖြစ်ပါတယ်။
လတ်တလော အသက်ရှုလမ်းကြောင်း ကူးစက်ပျံ့နှံ့မှုများပြားနေတဲ့ အချိန်ကာလဖြစ်လို့ အတူတကွလာရောက်မယ့် အဖွဲ့ဝင် ဦးရေကို လျှော့ချထားတယ်လို့လည်း ဆိုပါတယ်။ ဒါပေမယ့် မြန်မာနိုင်ငံဆိုင်ရာ ဂျပန်သံအမတ်နဲ့ သံရုံးဝန်ထမ်းတွေရဲ့ ပူးပေါင်းဆောင်ရွက်မှုကိုရယူပြီး မဲရုံကြည့်ရှုလေ့လာခြင်းနဲ့ ဆန္ဒမဲပေးမှု အခြေအနေ၊ မဲရေတွက်မှု အခြေအနေတွေကို တစ်စိတ်တစ်ပိုင်း ကြည့်ရှုလေ့လာသွားမယ်လို့လည်း ဂျပန်အစိုးရကိုယ်စားလှယ် မစ္စတာ ယိုဟီဆာဆာကာဝါက ပြောခဲ့ပါတယ်။
အခုကျင်းပမယ့် ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးလုပ်ငန်းစဉ်တွေမှာ ပိုမိုတိုးတက်လာစေဖို့ အတွက် အထောက်အပံ့ကောင်းဖြစ်ပါစေလို့ ဆုတောင်းမေတ္တာပို့သကြောင်း မစ္စတာ ဟိုဟီဆာဆာကာဝါက ပြောကြားခဲ့တာကို ဂျပန်သံရုံးက ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဂျပန်အစိုးရရဲ့ မြန်မာအထူးကိုယ်စားလှယ် မစ္စတာ ဟိုဟီဆာဆာကာဝါဟာ ပြီးခဲ့တဲ့သြဂုတ်လ (၂၄) ရက်က မြန်မာနိုင်ငံကို လာရောက်ခဲ့ကာ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့ပြီး မဲပေးရာမှာ အလွယ်တကူဖျက်မရတဲ့ မင်ရည်တွေကို ပံ့ပိုးပေးခဲ့သလို မြန်မာပြည်ရွေးကောက်ပွဲကို ဂျပန်က လာရောက်လေ့လာဖို့သဘောတူညီခဲ့ကြတယ်လို့လည်း သိရပါတယ်။