ထိုင်းနိုင်ငံမှာ ရာနဲ့ချီတဲ့ ဘုရင်စနစ်ထောက်ခံသူတွေက ဘန်ကောက်မြို့လယ်မှာ စုရုံးခဲ့ကြပြီး ထိုင်းဘုရင် မဟာဗာဂျီယာလောင်ကွန်းကို သစ္စာခံကြောင်း ပြသခဲ့ကြပါတယ်။
(ဘုရင်စနစ်ထောက်ခံသူတွေရဲ့ စုရုံးချီတက်မှု) (Photo: AP)
နိုင်ငံရေးတက်ကြွလှုပ်ရှားသူ လူငယ်များဦးဆောင်တဲ့ အစိုးရဆန့်ကျင်ရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး ဆန္ဒပြမှတွေ မြင့်တက်နေစဥ် ရာဂဏန်းအရေအတွက်ရှိ ဘုရင်စနစ်ထောက်ခံသူ ယမန်နေ့ (အောက်တိုဘာ ၂၇ ရက်) က ဘန်ကောက်မြို့လယ်မှာ စုရုံးခဲ့ကြပြီး တန်ပြန်ဆန္ဒပြခဲ့ပါတယ်။ ဘုရင်စနစ်ထောက်ခံသူတွေရဲ့ စုရုံးဆန္ဒပြမှုကို ဘုရင်ကို အားပေးထောက်ခံသူတွေ ဆိုရှယ်မီဒီယာမှာ လူသိများအောင် အကြီးအကျယ် လုပ်ဆောင်ခဲ့ကြပါတယ်။
သို့သော် လူဦးရေ ၃၀၀ ဝန်းကျင်မှ အများဆုံး ၁,၀၀၀ ကျော်အထိပါဝင်တဲ့ ဘုရင်စနစ်ထောက်ခံကြောင်း စုရုံးပြသမှုဟာ နေ့စဥ်နီးပါး လူဦးရေ ထောင်နဲ့ချီပါဝင်ကြတဲ့ အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုတွေနဲ့ နှိုင်းယှဥ်ပါက အနည်းငယ်မျှသာဖြစ်တယ်လို့ ဆိုပါတယ်။ ယမန်နေ့က ဘုရင်စနစ်ထောက်ခံကြောင်း စုရုံးဆန္ဒပြသူ အားလုံးနီးပါးက ဘုရင်စနစ်ကို အလေးထားကြောင်း အမှတ်အသားဖြစ်တဲ့ အဝါရောင်အင်္ကျီများ ဝတ်ဆင်ထားခဲ့ကြပါတယ်။
(ထိုင်းဘုရင်စနစ်ကို ထောက်ခံသူများ) (Photo: AP)
အစိုးရဆန့်ကျင်ရေးဆန္ဒပြမှုနဲ့ ဘုရင်စနစ်ထောက်ခံကြောင်း ဆန္ဒပြမှုတွေမှာ ပါဝင်ကြသူတွေရဲ့ အသက်အရွယ်ဟာ အလွန်ကွာခြားကြောင်းလည်း သိရပါတယ်။ ယမန်နေ့က ဘန်ကောက်မြို့လယ်ရှိ Lumphini ပန်းခြံမှာ စုရုံးခဲ့ကြတဲ့ ဘုရင်စနစ်ထောက်ခံသူ အများအပြားဟာ အသက် ၅၀ ကျော် သို့မဟုတ် ၆၀ ကျော်အရွယ်တွေ ဖြစ်ပါတယ်။
အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေကတော့ တက္ကသိုလ်ကျောင်းသူကျောင်းသား အများအပြား၊ အထက်တန်းကျောင်းသူကျောင်းသားများ အပါအဝင် ပညာတတ်လူငယ်များ ဖြစ်ကြပါတယ်။ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေက ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာ နုတ်ထွက်ရန်၊ ဖွဲ့စည်းပုံ အခြေခံဥပဒေသစ်ရေးဆွဲရန်နဲ့ နိုင်ငံရေးမှာ ဩဇာလွှမ်းမိုးလွန်းတဲ့ ဘုရင်စနစ်ကို ပြုပြင်ပြောင်းလဲရန် အဓိက တောင်းဆိုထားကြပါတယ်။
(ဘုရင်စနစ်ထောက်ခံသူများ စုရုံးချီတက်မှု) (Photo: AP)
အောက်တိုဘာ ၂၆ ရက်နေ့မှာ ဆန္ဒပြသူတွေက ဘန်ကောက်မြို့ရှိ ဂျာမန်သံရုံးသို့ ချီတက်သွားခဲ့ကြပြီး ဘုရင်မဟာဗာဂျီယာလောင်ကွန်း ဂျာမနီနိုင်ငံမှာ မကြာခဏ နေထိုင်ခဲ့စဥ်အတွင်း ၎င်းရဲ့ သွားလာလှုပ်ရှားမှုတွေကို စုံစမ်းစစ်ဆေးရန် တောင်းဆိုခဲ့ကြပါတယ်။ ထိုင်းနိုင်ငံမှာ အစိုးရဆန့်ကျင်ရေးနဲ့ ဘုရင်စနစ်ပြုပြင်ပြောင်းလဲရေး ဆန္ဒပြမှုတွေ ဇူလိုင်လအတွင်းမှစပြီး ပေါ်ပေါက်နေခဲ့တာ ဖြစ်ပါတယ်။
ထို့နောက် အောက်တိုဘာ ၁၄ ရက်နေ့မှာ ဆန္ဒပြမှုတွေ အရှိန်ပိုမြင့်လာခဲ့ရာ ဝန်ကြီးချုပ်ပရာယွတ်က ဆန္ဒပြမှုတွေကို အဆုံးသတ်ရန် ရည်ရွယ်ပြီး အောက်တိုဘာ ၁၅ ရက်နေ့မှာ စတင်သက်ရောက်တဲ့ အရေးပေါ်အမိန့်ဒီကရီတစ်ရပ် ထုတ်ပြန်ခဲ့ပါတယ်။ သို့သော် ထိုအမိန့်ဒီကရီထုတ်ပြီးနောက်ပိုင်း ဘန်ကောက်မြို့မှာ ဆန္ဒပြမှုတွေ ပိုမိုဖြစ်ပွားလာခဲ့ပြီး လူဦးရေ ထောင်သောင်းချီ ပါဝင်ခဲ့ကြပါတယ်။
(ထိုင်းဝန်ကြီးချုပ်ပရာယွတ်) (Photo: Reuters)
နောက်ပိုင်းမှာတော့ ဝန်ကြီးချုပ်ပရာယွတ်က အရေးပေါ်အမိန့်ဒီကရီကို အောက်တိုဘာ ၂၂ ရက်နေ့မှာ ရုပ်သိမ်းလိုက်ပါတယ်။ အရေးပေါ်အမိန့်ဒီကရီ ရုပ်သိမ်းလိုက်ပေမဲ့ ဆန္ဒပြသူတွေက ပရာယွတ်ကို သုံးရက်အတွင်း ဝန်ကြီးချုပ်ရာထူးမှ နုတ်ထွက်ရန် ဖိအားပေးခဲ့ကြပါတယ်။ ဝန်ကြီးချုပ်ပရာယွတ်ကတော့ ရာထူးမှ နုတ်ထွက်ခြင်းမပြုဘဲ လွှတ်တော် အထူးအစည်းအဝေးခေါ်ယူခဲ့ပါတယ်။
လွှတ်တော်အစည်းအဝေးမှာ အတိုက်အခံပါတီတွေက ၎င်းကို နုတ်ထွက်ရန် တောင်းဆိုခဲ့ကြပေမဲ့ ပရာယွတ်က ပယ်ချခဲ့ပြီး နုတ်ထွက်မှာမဟုတ်ကြောင်း အောက်တိုဘာ ၂၇ ရက်နေ့မှာ ပြောခဲ့ပါတယ်။ "ပြဿနာတွေကနေ ကျွန်တော် ရှောင်ပြေးသွားမှာ မဟုတ်ဘူး၊ နိုင်ငံမှာ ပြဿနာတွေရှိနေချိန် နုတ်ထွက်ပြီးတော့ ကျွန်တော့်တာဝန်ကို စွန့်လွှတ်သွားမှာ မဟုတ်ပါဘူး" လို့ ဝန်ကြီးချုပ်ပရာယွတ်က ဆိုပါတယ်။
(ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု) (Photo: Reuters)
ဝန်ကြီးချုပ်ပရာယွတ်ဟာ စစ်တပ်အကြီးအကဲအဖြစ် ၂၀၁၄ ခုနှစ် စစ်အာဏာသိမ်းမှုကို ဦးဆောင်ခဲ့ပြီး ဝန်ကြီးချုပ်ယင်လတ် အရပ်သားအစိုးရကို ဖြုတ်ချခဲ့ပါတယ်။ ထို့နောက် ထိုင်းနိုင်ငံကို ငါးနှစ်ကြာ စစ်အစိုးရတစ်ရပ်ဖြင့် အုပ်ချုပ်ခဲ့ပြီး ထိုကာလအတွင်း စစ်တပ်ကွပ်ကဲမှုအောက်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေသစ်ကို ရေးဆွဲခဲ့ကာ လူထုဆန္ဒခံယူပွဲဖြင့် အတည်ပြုခဲ့ပါတယ်။
ယမန်နှစ်မှာတော့ ထိုင်းနိုင်ငံမှာ ဒီမိုကရေစီရွေးကောက်ပွဲများ ကျင်းပပြုလုပ်ခဲ့ရာ စစ်တပ်က ပါဝင်နေတဲ့ ပရာယွတ်ရဲ့ပါတီက အနိုင်ရရှိပြီး ၎င်းက ဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ ရွေးကောက်ပွဲမှာ ပရာယွတ်အနိုင်ရရှိစေရန် စစ်တပ်ကွပ်ကွဲမှုဖြင့် ရေးဆွဲခဲ့တဲ့ အခြေခံဥပဒေက အထောက်အကူပြုခဲ့ကြောင်း စွပ်စွဲထားကြပါတယ်။
(ထိုင်းအစိုးရဆန့်ကျင်ရေး ဆန္ဒပြမှု) (Photo: Reuters)
လတ်တလောမှာ ဆန္ဒပြသူတွေက ၎င်းတို့ ပြောထားခဲ့တဲ့တိုင်း ဝန်ကြီးချုပ်ပရာယွတ်က သုံးရက်အတွင်း ရာထူးမှ နုတ်ထွက်ခြင်းမပြုခဲ့ရာ အောက်တိုဘာ ၂၅ ရက်နေ့က ဘန်ကောက်လမ်းမတွေပေါ်မှာ အစိုးရဆန့်ကျင်ရေး ဆန္ဒပြသူတွေ ထောင်နဲ့ချီ ပြန်လည်စုရုံးဆန္ဒပြခဲ့ကြပါတယ်။ နိုင်ငံတစ်ဝန်းမှ လူငယ်အုပ်စုများက ပူးပေါင်းစီစဥ်ပြီး အစိုးရဆန့်ကျင်ရေး ဆန္ဒပြလှုပ်ရှားမှုတွေကို လနဲ့ချီကြာ လုပ်ဆောင်လာခဲ့မှုနဲ့အတူ ထိုင်းမှာ နိုင်ငံရေးတင်းမာမှု မြင့်တက်နေခဲ့ပါတယ်။