၂၀၁၉ ခုနှစ်အတွင်း ဆီးချိုနဲ့ သွေးတိုးရောဂါစစ်ဆေးကုသမှုဆေးခန်းကို လာရောက်ပြသသူ (၁ ဒဿမ ၇) သန်းကို စစ်ဆေးရာမှာ ဆီးချိုရောဂါဖြစ်ပွားသူ နှစ်သောင်းကျော်နဲ့ သွေးတိုးရောဂါဖြစ်ပွားသူပေါင်း ၄ သိန်း ကျော်ရှိခဲ့တယ်လို့ ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။
ဒါ့အပြင် မြန်မာနိုင်ငံမှာ (၂၀၁၉) ခုနှစ်အတွင်း ဆေးရုံမှာ သေဆုံးသူအားလုံးရဲ့ (၆၂) ရာခိုင်နှုန်းက နှလုံး၊သွေးကြောရောဂါ၊ ကင်ဆာရောဂါစတဲ့ မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် ဖြစ်တယ်လို့လည်း သိရပါတယ်။ အောက်တိုဘာ (၂၇) ရက်ပြုလုပ်တဲ့ ကမ္ဘာ့ကျန်းမာရေးထိပ်သီးအစည်းအဝေး (၂၀၂၀) မှာ မကူးစက်နိုင်တဲ့ရောဂါတွေဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုများကို ရေရှည်တည်တံ့ လက်လှမ်းမီရရှိရေး ဆွေးနွေးပွဲမှာ ပြည်ထောင်စုဝန်ကြီးဒေါက်တာမြင့်ထွေးက ပြောကြားခဲ့တာပါ။
(၂၀၁၈) ခုနှစ်စာရင်းဇယားတွေအရ မကူးစက်နိုင်တဲ့ ရောဂါတွေကြောင့် အချိန်မတိုင်မီသေဆုံးနိုင်ချေ (၂၄) ရာခိုင်နှုန်းရှိနေတယ်လို့ဆိုပါတယ်။ (၂၀၁၈) ခုနှစ်အတွင်း မကူးစက်နိုင်တဲ့ရောဂါတွေကြောင့် သေဆုံးမှု (၂၅) ရာခိုင်နှုန်းမှာ နှလုံးနဲ့သွေးကြောရောဂါတွေဖြစ်ပြီး (၁၃) ရာခိုင်နှုန်းမှာ ကင်ဆာရောဂါတွေ ဖြစ်တာကို တွေ့ရှိရတယ်လို့လည်း ဒေါက်တာမြင့်ထွေးက ဆိုပါတယ်။
ဒါကြောင့် မကူးစက်နိုင်တဲ့ရောဂါအတွက် စစ်ဆေးကုသခြင်းစီမံကိန်းကို (၂၀၂၁) နဲ့ (၂၀၂၂) ခုနှစ် အတွင်းလုပ်ဆောင်သွားမှာဖြစ်ပြီး လူ (၂)သန်းအတွက် အမေရိကန်ဒေါ်လာ (၁၀၁) သန်းခန့် ကုန်ကျမယ်လို့ ခန့်မှန်းထားပြီး နိုင်ငံတကာအဖွဲ့အစည်းတွေက ထောက်ပံ့ကူညီမှု အမေရိကန်ဒေါ်လာ (၂၅) သန်းခန့် ရရှိမယ်လို့လည်း မျှော်မှန်းထားတယ်လို့လည်း သိရပါတယ်။
အဆိုပါစီမံကိန်းမှာ ဆေးလိပ်၊ ဆေးရွက်ကြီးနဲ့ အရက်သုံးစွဲမှု လျှော့ချခြင်း၊ ကျန်းမာရေးနှင့်ညီညွတ်တဲ့ အစားအစာ စားသုံးမှုတွေကို အားပေးမြှင့်တင်ခြင်း၊ ကျန်းမာရေးအဆင့်မြင့်ကျောင်းလုပ်ငန်းတွေ ရေရှည်တည်တံ့ ခိုင်မြဲရေးနဲ့ ကိုယ်လက် လှုပ်ရှားအားကစားလေ့ကျင့်မှုတွေအတွက် ရင်းနှီးမြုပ်နှံခြင်း၊ နှလုံးနှင့်သွေးကြောရောဂါ၊ ဆီးချိုရောဂါ၊ နာတာရှည်အသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါ တို့ကို စစ်ဆေးကုသမှုပေးတဲ့လုပ်ငန်းတွေကို ဆောင်ရွက်သွားမယ်လို့လည်းသိရပါတယ်။
အဆိုပါ စီမံကိန်းအရ ပြည်သူတွေအနေနဲ့ ကိုယ်တိုင်ကျခံသုံးစွဲရတဲ့ ယခင်ကျန်းမာရေးအသုံးစရိတ် (၈၂) ရာခိုင်နှုန်းကနေ (၆၃) ရာခိုင်နှုန်းအထိ လျော့ကျသုံးစွဲနိုင်တော့မှာဖြစ်ပြီးလူဦးရေ (၂) သန်းကိုလည်း မကူးစက်တတ်တဲ့ ရောဂါတွေ ဖြစ်ပွားမှုကနေ လျှော့ချနိုင်မယ်လို့လည်း ဝန်ကြီးဌာန ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။