ပလက်ဝမြို့နယ်ထဲမှာရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်းကြေငြာလိုက်တဲ့ ကျေးရွာ အုပ်စု ၉၄ အုပ်စုထဲမှာ ရွေးကောက်ပွဲကို လုံခြုံစွာကျင်းပနိုင်ပြီး လုံလောက်တဲ့အခြေအနေရှိတဲ့ကျေးရွာအုပ်စု ၁၂ စုရှိတယ်လို့ ခူမီးချင်းမျိုးနွယ်စုများရေးရာပေါင်းစပ်ညှီနှိုင်းရေးကောင်စီရဲ့ အလုပ်မှုဆောင်ကော်မတီမှ ညှိနှိုင်ရေးမှူး ဆလိုင်းပိုင်နန်းက ပြောပါတယ်။
အဲ့ဒီကျေးရွာ အုပ်စု ၁၂ စုဟာ ယခု ရွေးကောက်ပွဲကျင်းပခွင့်ရတဲ့ ပလက်ကဝမြို့နယ်ထဲကနေရာ ၈ ခုနဲ့ သွားရေးလာရေးအဆင်ပြေသလို ၊ နယ်မြေလည်း အေးချမ်းကောင်းမွန်တယ်လို့ဆိုပါတယ်။ ဒါကြောင့် အဲ့ဒီ ကျေးရွာ တွေမှာ ရွေးကောက်ပွဲကျင်းပခွင့်ပြုပေးဖို့ ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်နေ့မှာ သဘောထားထုတ်ပြန် တောင်းဆိုထားပါတယ်။
“ရွေးကောက်ပွဲ ကျင်းပပေးဖို့ တောင်းဆိုတဲ့ နေရာတွေက ပလက်ဝမြို့ပေါ်ကို သွားပြီးမှ မဲထည့်လို့ရတဲ့ ကျေးရွာအုပ်စုက ၃ ခုရှိတယ်၊ဆလင်းမြို့ အနီးစပ်ဆုံး မဲထည့်လို့ရတဲ့အုပ်စုက ၄ အုပ်စုရှိတယ်။ အရမ်းနီးပြီး နေ့တိုင်းလိုလို မြို့ပေါ်သွားလို့ရတယ်။ရှင်းလက်၀ မှာ မဲပေးလို့ရတယ်အုပ်စုက ၅ အုပ်စုရှိတယ်။အဲ့ဒါတွေက ခုတောင်နေ့ချင်းပြန်သွားလာနေကြတယ် အဆင်ပြေတယ်ပေါ့။ ဒါကြောင့် ကျွန်တော်တို့က ဖြစ်စေချင်ပါတယ်။”လို့ ဆလိုင်းပိုင်နန်းကပြောပါတယ်။
ဆန္ဒမဲပေးခြင်းဟာ ၅ နှစ်မှ တစ်ကြိမ်လုပ်ဆောင်ရတာဖြစ်ပြီး ခုလိုရွေးကောက်ပွဲကျင်းပချိန် နီးကပ်မှ ကျေးရွာတွေကို ရွေးကောက်ပွဲမကျင်းပနိုင်ကြောင်း ထုတ်ပြန်ကြေငြာတဲ့အပေါ် စိတ်မကောင်းဖြစ်တဲ့အပြင် နိုင်ငံသားတစ်ယောက်ရဲ့ရပိုင်ခွင့်ချိုးဖောက်ခံရတာဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်တဲ့နေရာ ၈ ခုရှိပြီး အဲ့ဒါတွေက ပလက်ဝမြို့ပေါ်က ရပ်ကွက် ၄ ခု၊ ဆမီးမြို့ပေါ်က ရပ်ကွက် ၃ ခု၊ ရှင်းလက်ဝကျေးရွာအုပ်စု ဖြစ်ပါတယ်။အဲ့ဒီနေရာတွေမှာ ဆန္ဒမဲ့ပေးခွင့်ရှိသူက ၁၇၀၀၀ ဝန်းကျင်ရှိတယ်လို့သိရပါတယ်။
“ကျွန်တော်တို့ နယ်မြေအခြေအနေကိုပဲတင်ပြတယ်။ UECကမနေ့ကကြေငြာတယ်။ ကျန်တဲ့တောင်းဆိုမှုတွေကတော့ နယ်မြေဒေသအခြေအနေအရ မပေးလောက်တော့ဘူးလို့ထင်ပါတယ်။ခုရွေးကောက်ပွဲကျင်းပမယ့် အုပ်စု ၈ ခုက လမ်းပန်းဆက်သွယ်ရေးကောင်းတယ်။ နယ်မြေအခြေအနေလည်း ကောင်းတယ်။အေးချမ်းတယ် အဲ့သဘောပါပဲ။ကျန်တဲ့ ၉၄ အုပ်စုကကျတော့ လမ်းပန်းဆက်သွယ်ရေးခက်ခဲတာလည်းပါတယ်။ နယ်မြေအေးမအေးချမ်းတဲ့ကိစ္စပေါ့။”လို့ ချင်းပြည်နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌဦး အုပ်နောလ် ကပြောပါတယ်။
ချင်းပြည်နယ် ပလက်ဝမြို့နယ်မှာ ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိကြောင်းကြေငြာလိုက်တဲ့ နေရာ၉၄ ခုဟာ ယခင် ၂၀၁၅ ခုနှစ်ရွေးကောက်ပွဲမှာ မဲပေးခွင့်ရှိခဲ့တဲ့နေရာတွေပဲဖြစ်ပါတယ်။ ပလက်ဝမြို့နယ်မှာတော့ မဲပေးခွင့်ရှိသူ ၆၀၀၀၀ ကျော်ရှိပါတယ်။ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကချင်းပြည်နယ် ၊ ပလက်ဝမြို့နယ်က ကျေးရွာအုပ်စု ၉၄ ခုအပါအဝင် လားရှိုးမြို့နယ် နဲ့ မူဆယ်၊ကွမ်းလုံမြို့နယ်က ကျေးရွာနဲ့ ရပ်ကွက် အုပ်စုအချို့ကို ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိတဲ့နေရာအဖြစ် အောက်တိုဘာလ ၂၇ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သော သတင်းဖြစ်ပါသည်။