ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုင်းပန်မြို့နယ်မှာ မဲရုံပစ္စည်းတွေ သွားရောက်ပို့ဆောင်ခဲ့တဲ့ ခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဌာနခွဲစာရေးတို့နှစ်ဦး သေနတ်နဲ့ ပစ်ခတ်ခံခဲ့ရတယ်လို့ လင်းခေးခရိုင်ရွေးကောက်ပွဲကော်မရှင်ထံကနေ သိရပါတယ်။
ဖြစ်စဉ်မှာ အောက်တိုဘာလ (၂၇) ရက်နေ့က လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့ ဌာနခွဲစာရေးတို့နှစ်ဦးဟာ နမ့်မွန်ကျေးရွာအုပ်စုကို မဲနံပါတ်နဲ့မဲရုံသုံးပစ္စည်းတွေ သွားရောက်ပို့ဆောင်ပြီး ပြန်အလာ နေ့လည်ပိုင်းမှာ သေနတ်နဲ့ပစ်ခတ်ခံရတာဖြစ်ပါတယ်။ သေနတ်နဲ့ပစ်ခတ်ခံရမှုကြောင့် အုပ်ချုပ်ရေးမှူးက ပေါင်မှာ သေနတ်မှန်ပြီး အရိုးကျိုးသွားခဲ့ပြီး ဌာနခွဲစာရေးကတော့ ခြေသလုံးမှာ သေနတ်မှန်ပြီး လက်သန်းနဲ့လက်သန်းကြွယ်မှာ ထိခိုက်ဒဏ်ရာ ရသွားတယ်လို့လည်း သိရပါတယ်။
လက်ရှိမှာတော့ သူတို့နှစ်ဦးကို တောင်ကြီးမြို့ စပ်စံထွန်းဆေးရုံမှာ ဆေးကုသမှုပေးနေတယ်လို့လည်း သိရပါတယ်။ “လက်ရှိအခြေအနေကတော့ မနေ့က ဖြစ်စဉ်ဖြစ်ပြီးတဲ့နောက်ပိုင်း မနေ့က ညတွင်းချင်းပဲ တောင်ကြီး စပ်စံထွန်းဆေးရုံကို ပို့ိုလိုက်တယ်။ နမ့်မွန်ကျေးရွာအုပ်စုကို မဲနံပါတ်နဲ့မဲရုံသုံးပစ္စည်းတွေ သွားပို့ပြီး အပြန်မှာဖြစ်တယ်။ ဘယ်အဖွဲ့အစည်းကပစ်ခတ်တယ်ဆိုတာကတော့ ကျွန်တော်တို့ ခန့်မှန်းလို့မရပါဘူး။”လို့ လင်းခေးခရိုင် ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲ ဥက္ကဌ ဦးသန်းကျော်ကပြောပါတယ်။
လင်းခေးခရိုင်အုပ်ချုပ်ရေးမှူးနဲ့ အဖွဲ့ မဲရုံပစ္စည်းသွားပို့တဲ့ နမ့်မွန်ကျေးရွာဟာ မိုင်းပန်မြို့နယ်နဲ့ မိုင် (၃၀) လောက် ကွာဝေးပြီး မိုင်းပန်မြိုနယ်ကို မရောက်ခင် (၁၀) မိုင်လောက်အလိုမှာ ပစ်ခံခဲ့ရတာဖြစ်တယ်လို့ သိရပါတယ်။ လက်ရှိလင်းခေးခရိုင်၊ မိုင်းပန်မြို့နယ်မှာ ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မယ့် နိုင်ငံရေးပါတီ (၄) ခုရှိပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်၊ ပြည်ထာင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုရက်တစ်ပါတီတို့ဖြစ်ပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။