လူသတ်တရားခံကို ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်မှာ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပါတယ်။

ရွှေတောင်မြို့နယ်၊ ကျောက်ဖူးကျေးရွာက အသက်၄ နှစ်အရွယ် ကလေးငယ်ကို သတ်ခဲ့တဲ့ တရားခံကို ဖမ်းမိပြီဖြစ်တယ်လို့ ရွှေတောင်မြို့နယ် ၊ တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ် ဦးညွှန်ဝေက ပြောပါတယ်။



လူသတ်တရားခံကို ဒီကနေ့ အောက်တိုဘာလ ၂၈ ရက်မှာ ဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့တာဖြစ်ပြီး တရားခံဟာ ကျောက်ဖူးကျေးရွာမှာ နေထိုင်တဲ့ အသက် ၅၀ နှစ်ရှိတဲ့ အမျိုးသားဖြစ်တယ်လို့သိရပါတယ်။

“ဟုတ်တယ် တစ်ယောက်တော့မိပြီး ၊ စစ်တုန်းပဲ။ကွင်းဆက်တွေကိုတော့ စစ်တုန်း ဆေးတုန်းပဲ။ ဟုတ်ကဲ့ တရားခံက ကျောက်ဖူးကျေးရွာထဲကပါပဲ။ ကလေးပျောက်ပြီး ၂ ရက်လောက်ထဲက မသင်္ကာတဲ့သူတွေကို စခန်းမှာ ဖမ်းပြီး ခေါ်ထားတာပေါ့။ အခုစစ်လိုက်တော့ ပေါ်တာပါ။”လို့ ဦးညွှန့်ဝေကပြောပါတယ်။

ဓာတ်ပုံ - ပျူမင်းသား

တရားခံကို သိရှိရပြီဖြစ်တာကြောင့် ကလေးငယ်ကို သတ်ပြီး အလောင်းကို စွန့်ပစ်ခဲ့တာတွေနဲ့ပတ်သက်ပြီး သရုပ်ပြဖို့အတွက် တရားခံကို နေအိမ်နဲ့ လယ်ကွင်းဆီကို ခေါ်ဆောင်လာမယ်ဆိုတဲ့ သတင်းထွက်ပေါ်ခဲ့တာကြောင့် အဲ့ဒီနေရာတွေမှာ လူတွေ လာရောက်စောင့်ဆိုင်းခဲ့ကြပါတယ်။ဒါကြောင့် တရားခံကို သရုပ်ပြစစ်မေးတဲ့အစီအစဉ်ကို လုပ်နိုင်ခြင်းမရှိခဲ့ဘူးလို့လည်း သိရပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြိး ရွှေတောင်မြို့နေထိုင်သူတစ်ဦးဖြစ်သူ ဦး ဝင်းနိုင်ထွန်းက “တရားခံကို မိပြီလို့သိရတယ်။ တရားခံက သူတို့ရွာထဲကပဲ။ ကလေးက အဲ့နားမှာ ဆော့ရင်း သူအိမ်ပေါ်ရောက်မှာ ကလေးကိုသတ်လိုက်တယ်၊ ပြီးမှ လယ်ထဲသွား ပစ်တယ်လို့ ကြားတယ်။ တရားခံကို ဒီနေ့ ထုတ်ပြီး သရုပ်ပြမယ်ဆိုလို့ လေးလေး တို့လည်း သွားစောင့်ကြတယ်။ ဒါပေမယ့် လူအရမ်းများတာက တစ်ကြောင်း ၊ အားလုံးက ဒေါသထွက်နေကြတော့ တရားခံကို ခေါ်မလာဘူးလို့သိရတယ်။ခုထိ ဘာကြောင့်သတ်လဲဆိုတာ ရဲဘက်ကလည်း မပြောသေးဘူး။”လို့ ပြောပြပါတယ်။

အသတ်ခံခဲ့ရတဲ့ ကလေးငယ်လေးကိုတော့ အောက်တိုဘာလ ၂၆ ရက်နေ့ မနက်ပိုင်းက ကျောက်ဖူးကျေးရွာ နဲ့ ကန်သုံးဆင့်ကျေးရွာ အကြားက စပါးကွင်းအစပ်မှာ အလောင်းကိုတွေ့ရှိခဲ့ရတာ ဖြစ်ပါတယ်။တွေ့ရှိချိန်ဟာ ၉ ရက်ကြာမှ တွေ့ရှိရတာဖြစ်လို့ ကလေးငယ်ရဲ့ ရုပ်အလောင်းဟာ ရုပ်ပျက်နေပြီဖြစ်ပါတယ်။ဒါကြောင့်အဲ့ဒီနေ့မှာပဲ ချက်ခြင်း မီသဂြိုလ်ခဲ့ကြပါတယ်။

ကလေးငယ်ကတော့ အောက်တိုဘာလ ၁၈ ရက်နေ့ ညနေ ၄ နာရီ ဝန်းကျင်လောက်မှာ ကလေးငယ်အချင်းချင်း ဆော့ကစားနေရာကနေ ရုတ်တရက် ပျောက်ဆုံးသွားခြင်းဖြစ်ပါတယ်။ လက်ရှိမှာ အမှုကို လူပျောက်မှုကနေ ရာဇသတ်ကြီးဥပဒေပုဒ်မ၃၀၂ အဖြစ် ပြောင်းလဲဖွင့်လှစ်ပြီး ရွှေတောင်မြို့မရဲစခန်းက အမှုကို ဆက်လက်လုပ်ဆောင်နေတယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က