ရွေးကောက်ပွဲ တည်ငြိမ်အေးချမ်းအောင်မြင်စွာ ကျင်းပနိုင်ရေးနဲ့ မဲဆန္ဒရှင်ပြည်သူတွေ လွတ်လပ်စွာ မဲပေးနိုင်ရေး အတွက် နိုဝင်ဘာ (၆) ရက် ည ၁၂ နာရီအချိန်ကနေ နိုဝင်ဘာ (၈) ရက်နေ့ ရွေးကောက်ပွဲကျင်းပပြီးတဲ့အထိ စုဝေးဟောပြောတာတွေ၊ မဲဆွယ်စည်းရုံးတာတွေကို ရပ်နားရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာလိုက်ပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဌ ဦးလှသိန်းရဲ့ ခွင့်ပြုချက်နဲ့ အောက်တိုဘာ (၂၈) ရက်ညပိုင်းက အသိပေးထုတ်ပြန်ကြေညာခဲ့တာဖြစ်ပြီး လွှတ်တော်အမတ်လောင်းတွေရဲ့ မဲဆွယ်စည်းရုံးတဲ့ ကြော်ငြာ/ပိုစတာတွေကို နိုဝင်ဘာ (၆) ရက်နေ့ ည (၁၂) နာရီ နောက်ဆုံးထားဖြုတ်သိမ်းပေးဖို့လည်း ညွှန်ကြားထားပါတယ်။
သတ်မှတ်အချိန်ထိ မဲဆွယ်စည်းရုံးပိုစတာတွေကို ဖြုတ်သိမ်းထားခြင်းမရှိပါက မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်စည်ပင်တွေနဲ့ ညှိနှိုင်းပြီး ဖြုတ်သိမ်းသွားမယ်လို့လည်း ကြေညာထားပါတယ်။ အဆိုပါ ကြော်ငြာ/ပိုစတာဖြုတ်သိမ်းတဲ့လုပ်ငန်းတွေ ဆောင်ရွက်ရတဲ့ ကုန်ကျစရိတ် ကျသင့်ငွေကို သက်ဆိုင်ရာ လွှတ်တော်အမတ်လောင်းတွေက ပြန်လည်ပေးချေရမယ်လို့ ဆိုပါတယ်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲမှာ ဝင်ရောက်ယှဉ်ပြိုင်မယ့် လွှတ်တော်အမတ်လောင်းတွေ မဲဆွယ်စည်းရုံးခွင့်ကာလကို စက်တင်ဘာ (၈) ရက် မနက် (၆) နာရီကနေ နိုဝင်ဘာ (၆) ရက် ည ၁၂ နာရီအထိ ဆောင်ရွက်ကြဖို့ ပြီးခဲ့တဲ့စက်တင်ဘာ (၆) ရက်တုန်းက ထုတ်ပြန်ကြေညာခဲ့တာပါ။
ဒါပေမယ့် ကိုဗစ်-၁၉ ကူးစက်မှုပျံ့နှံမှုတွေ များပြားနေတာကြောင့် Stay at Home မြို့နယ်တွေမှာ မဲဆွယ်စည်းရုံးခွင့်မရသလို လူ (၅၀) ဦးထက်ပိုပြီး စုဝေးဟောပြောခွင့်မရှိဘူးလို့ ကော်မရှင်က ကြေညာချက်တွေ ထုတ်ပြန်ခဲ့ရာမှာ လွှတ်တော်အမတ်လောင်းတွေအနေနဲ့ အခက်အခဲတွေလည်းကြုံခဲ့ရတာပါ။
“ စက်တင်ဘာ (၈) ရက်မှာ မဲဆွယ်ခွင့်ရတယ်လို့ ကြေညာတယ်။အဲဒါထုတ်ပြန်ပြီး မကြာဘူး။ ကျွန်မတို့ နေတဲ့သင်္ဃန်းကျွန်းမြို့နယ်က Stay at Homeကြေညာလိုက်တော့ နှစ်ရက်ပဲ မဲဆွယ်ခွင့်ရလိုက်တယ်"”လို့ သင်္ဃန်းကျွန်းမြို့နယ်က တိုင်းလွှတ်တော်အမတ်လောင်းအဖြစ် ဝင်ပြိုင်မယ့် မဟန်ဦးခင်က ပြောပြပါတယ်။
နိုဝင်ဘာလ (၈) ရက်မှာ ကျင်းပမယ့် (၂၀၂၀) ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၉၀) ကျော်က လွှတ်တော်အမတ်လောင်း ခြောက်ထောင်နီးပါး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။