ပြည်မြို့နယ်ထဲက ရပ်ကွက်တွေမှာ ဒီနေ့ မနက်ပိုင်း ၈ နာရီထဲကစပြီး ကြိုတင်မဲတွေစပေးနေတာဖြစ်ပြီး ကျန်းမာရေးပိုင်းဆိုင်ရာ စီစဉ်ထား အားနည်းနေတာမြင်တွေ့ရသလို အသက် ၈၀ ကျော်အရွယ် ကျန်းမာရေးမကောင်းသူတွေလည်း လာရောက်မဲပေးနေတာကို မြင်တွေ့ခဲ့ရပါတယ်။
ကြိုတင်မဲပေးသူတွေကို ရုံပုရုံဝုဏ် အဝင်ဝမှာ အပူချိန်တိုင်းတဲ့ နေရာ ရှိသလို အပူချိန်းမတိုင်းတာတွေလည်းရှိပါတယ်။ နောက်ပြီး ဆန္ဒမဲပေးသူတွေကို ၃ ပေအကွာ တန်းစီစေခြင်း မရှိသလို ၊ စနစ်တကျ လက်ဆေးစေခြင်း စတဲ့ကိစ္စတွေကို လုပ်ဆောင်ဖို့ အသိပေးပြောဆိုမှုအားနည်းတာကိုလည်းတွေ့ရပါတယ်။ဆန္ဒမဲပေးသူတွေအနေနဲ့လည်း ကိုဗစ်စည်းကမ်းချက်နဲ့အညီ နေထိုင်ပြုမူခြင်းမရှိတာကိုတွေ့ရပါတယ်။
ဓာတ်ပုံ - ချစ်ခွန်းချို
ဒါ့အပြင် အသက် ၈၀ နှစ်အထက် အဘိုးအဘွားတွေကို အိမ်တိုင်ရာရောက် လိုက်လံပြီး ဆန္ဒမဲကောက်ယူပေးမယ်လို့ ထုတ်ပြန်ထားသလို၊ ကျန်းမာရေးမကောင်းပါကလည်း အိမ်တိုင်ရာရောက်ဆန္ဒမဲ ကောက်ယူပေးမှာဖြစ်တယ်လို့ ပြည်ခရိုင်ရွေးကောက်ပွဲကော်မရှင်က ပြောဆိုထားပေမယ့် ဒီနေ့ ကြိုတင်မဲ စတင်ပေးတဲ့နေ့မှာပဲ အသက် ၈၀ ကျော်တဲ့အပြင် ကျန်းမာရေးလည်း သိပ်မကောင်းတဲ့ သက်ကြီးရွယ်အိုတွေလည်း ဆန္ဒမဲလာပေးရသူတွေ ရှိနေပါတယ်။
ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ခေတ္တရာရပ်ကွက် အုပ်ချုပ်ရေးမှူးဥက္ကဋ္ဌဖြစ်သူ ဦးလင်းဇော်ထွဋ်က “ အသက် ၈၀ အထက်တွေက သူတို့ဆန္ဒအရလာကြတာပါ။အသက် ၆၀ အထက်လူတွေကို စာရင်းပြုစုပြီး အိမ်တိုင်ရာရောက်ပို့ထားပြီးသား။ မလာရောက်နိုင်သူတွေ ကျန်းမာရေးမကောင်းသူ၊ အသက်ကြီးလို့ လမ်းမလျှောက်နိုင်သူတွေကို အိမ်တိုင်ရာရောက်သွားယူမှာပါ။ ကျန်းမာရေးနဲ့ပတ်သက်ရင် အဝင်မှာ အပူချိန်တိုင်းတယ်၊ Mask မပါသူကို Mask ပေးတယ်။ လက်ဆေးခိုင်းတယ်။ဒီနေ့မနက် စ ပေးတယ်။”လို့ ဆိုပါတယ်။
မြို့သစ် ခေတ္တရာရပ်ကွက် အုပ်ချုပ်ရေးမှူးရုံးကို ဆန္ဒမဲလာရောက်ပေးတဲ့ အသက် ၈၀ ကျော်အရွယ် အဘွားတစ်ဦးကို မေးမြန်းရာမှာတော့ သူက အခုလို ပြောပါတယ်။
ဓာတ်ပုံ - ချစ်ခွန်းချို
“ အိမ်ကိုလာပြောတယ် ၊ ကြိုတင်မဲပေးရမယ်ပေါ့။ အဲ့ဒါကြောင့် လာပေးရတာပါ။ အဘွားအသက်က ၈၃ နှစ်ပါ။ ကျန်းမာရေးကလည် သိပ်မကောင်းပါ ဘူး။ နှလုံးသိပ်မကောင်းပါဘူး။ ဒါကြောင့် အဘွားရဲ့ သမီးနဲ့အတူ ဒီကို ကြိုတင်မဲလာပေးရတာပါ။”လို့ အဘွားက ဆိုပါတယ်။
ပြည်မြို့မှာ ဒီကနေ့ အောက်တိုဘာလ ၂၉ ရက်ကစပြီး ကြိုတင်မဲပေးရမယ့်သူများအတွက် ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးရုံးတွေ၊ စာသင်ကျောင်းတွေ မဲပုံးတွေကို ပြုလုပ်ထားပြီး မဲပေးဖို့စီစဉ်ထားတဲ့ နေရာအကျယ်အဝန်းပေါ်မူတည်ပြီးတော့ ကျန်းမာရေးပိုင်းဆိုင်ရာလုပ်ဆောင်မှုက ကွဲပြားမှုနေတာရှိနေပါတယ်။
ဒီနေ့ ကြိုတင်မဲလာပေးတဲ့ ဆန္ဒမဲပေးသူတွေထဲမှာ အသက် ၆၀ နှစ်နဲ့အထက် သက်ကြီးရွယ်အိုတွေ အများဆုံးတွေ့ရပြီး ၊ အထူးရဲ ၊ ရွေးကောက်ပွဲနေ့မှာ တာဝန်ထမ်းဆောင်ကြမယ့် အဖွဲ့အစည်းတွေ ကိုယ်စားလှယ်တွေ စတဲ့ ကြိုတင်မဲအကြုံးဝင်သူတွေကတော့ ဆန္ဒမဲလာရောက်ပေးတာ အနည်းငယ်ပဲတွေ့ရပါတယ်။
ပြည်မြို့နယ်မှာဆိုရင် အသက် ၆၀ နှစ်အထက် ကြိုတင် ဆန္ဒမဲပေးခွင့်ရှိသူပေါင်း ၃၀၀၀၀ ကျော်ရှိပါတယ်။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။
Share