ဗီယက်နမ်နိုင်ငံအလယ်ပိုင်းမှာ တိုင်ဖွန်းမုန်တိုင်း Molave ဝင်ရောက်တိုက်ခတ်ပြီး မြေပြိုမှုတွေကြောင့် အနည်းဆုံး လူ ၁၉ ဦး သေဆုံးခဲ့ပြီး ၄၅ ဦး ပျောက်ဆုံးနေကြောင်းနဲ့ မုန်တိုင်းကြောင့် လေပြင်းတိုက်မှုနဲ့ မိုးသည်းထန်စွာ ရွာသွန်းမှုတွေဖြစ်ပေါ်ခဲ့ပြီး အိမ်အမိုးများလွင့်ထွက်ကာ နယ်မြေတစ်ခုရှိ ဒေသခံ ၁.၇ သန်း လျှပ်စစ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း အစိုးရမီဒီယာက ယနေ့ (အောက်တိုဘာ ၂၉ ရက်) ဖော်ပြပါတယ်။
(Photo: Reuters)
မြေပြိုမှုတွေကြောင့် သေဆုံးသူနဲ့ တိုင်ဖွန်းမုန်တိုင်းကြောင့် သေဆုံးသူဦးရေဟာ စက်လှေနစ်မြုပ်မှုအတွင်း သေဆုံးခဲ့တဲ့ ငါးဖမ်းသမား ၁၂ ဦး အပါအဝင် အနည်းဆုံး ၃၅ ဦး ရှိလာခဲ့ကြောင်း သိရပါတယ်။ တိုင်ဖွန်း Molave ဟာ ဗီယက်နမ်ကို လေတိုက်နှုန်း တစ်နာရီလျှင် ၉၃ မိုင်ဖြင့် ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၈ ရက်) က ဝင်ရောက်တိုက်ခတ်ခဲ့ပြီး နှစ်ပေါင်း ၂၀ အတွင်း အဆိုးဆုံး မုန်တိုင်းဖြစ်ကြောင်း တာဝန်ရှိသူတွေက ပြောပါတယ်။
မြေပြိုမှုများအတွင်းနဲ့ မုန်တိုင်းတိုက်စဥ် ပင်လယ်ပြင်မှာ အနည်းဆုံး လူ ၅၉ ဦး ပျောက်ဆုံးနေပါတယ်။ မုန်တိုင်းတိုက်ခတ်ထားတဲ့ ရာသီဥတုအတွင်း နေရာအများအပြားရဲ့ ပျက်စီးဆုံးရှုံးမှု အသေးစိတ်အခြေအနေကို မသိရှိနိုင်သေးရာ သေဆုံးသူနဲ့ ပျောက်ဆုံးသူ အရေအတွက် မြင့်တက်လာနိုင်တယ်လို့ ဆိုပါတယ်။
(Photo: AP)
ဗီယက်နမ်အလယ်ပိုင်း Quang Nam ပြည်နယ်မှာ နေအိမ်တွေပေါ်ကို့ တောင်စောင်းတစ်ခုပြိုကျခဲ့မှုမှ အလောင်းရှစ်လောင်းကို ကယ်ဆယ်ရေးသမားတွေက ယနေ့ မနက်ပိုင်းမှာ တူးဖော်တွေ့ရှိခဲ့ပါတယ်။ Tra Leng ကျေးရွာမှာလည်း လူ ၄၅ ဦးခန့် နေထိုင်ကြတဲ့ နေရာတစ်ခုမှာ နောက်ထပ် မြေပြိုမှုတစ်ခု ဖြစ်ပွားခဲ့ပါတယ်။
ထိုမြေပြိုမှုအတွင်း ကယ်ဆယ်ရေးသမားတွေက အလောင်းရှစ်လောင်း ပြန်ရှာတွေ့ပြီး နောက်ထပ် ၃၇ ဦးကို ရှာဖွေကယ်ဆယ်ရန် အပြင်းအထန် ကြိုးပမ်းနေကြောင်း အစိုးရသတင်းဌာနက Vietnam News က ပြောပါတယ်။ Tra Leng ကျေးရွာကို ဆက်သွယ်ထားတဲ့ လမ်းများ ပျက်စီးနေပြီး မြေပြိုမှုတွေဖြစ်ထားခဲ့တာကြောင့် ထိုနေရာသို့ သွားရောက်နိုင်ခြင်းမရှိသေးဘူးလို့ ဆိုပါတယ်။
(Photo: Getty Images)
ယမန်နေ့ နှောင်းပိုင်းက ဗီယက်နမ်ကမ်းရိုးတန်းကို တိုင်ဖွန်း Molave ဝင်ရောက်တိုက်ခတ်စဥ် Quang Nam နဲ့ Gia Lai ပြည်နယ်တွေမှာ သစ်ပင်များလဲပြိုမှုနဲ့ နေအိမ်ပြိုကျမှုတွေကြောင့် လူလေးဦး သေဆုံးခဲ့ပါတယ်။ ရေတပ်နဲ့ ကယ်ဆယ်ရေးရေယာဥ်တွေက မုန်တိုင်းတိုက်စဥ် နစ်မြုပ်သွားတဲ့ ငါးဖမ်းစက်လှေမှ ငါးဖမ်းသမား ၂၆ ဦးအနက် ၁၂ ဦးရဲ့ အလောင်းတွေကို ပြန်ရှာတွေ့ခဲ့ကြောင်း သိရပါတယ်။
ဗီယက်နမ်မှာ တိုင်ဖွန်းမုန်တိုင်းကြောင့် နေအိမ် ၅၆,၀၀၀ ခန့်ရဲ့ အမိုးများ လွင့်ထွက်ပျက်စီးခဲ့ပြီး Quang Ngai ပြည်နယ်ရှိ လူဦးရေ ၁.၇ သန်း လျှပ်စ်ဓာတ်အားပြတ်တောက်ခဲ့ကြောင်း Vietnam News က ပြောပါတယ်။ လူဦးရေ ၄၀,၀၀၀ ကို အရေးပေါ်ခိုလှုံရေးနေရာများသို့ ရွှေ့ပြောင်းထားပြီး အာဏာပိုင်တွေက သေကျေဒဏ်ရာရမှု ကာကွယ်တားဆီးရန် ရုံးများ၊ စက်ရုံများနဲ့ ကျောင်းများကို ပိတ်ထားခဲ့ပါတယ်။
(Photo: Lai Minh Dong/VNA/AP)
ဗီယက်နမ်နိုင်ငံ ပြည်နယ်သုံးခုမှာ လတ်တလော သီတင်းပတ်များအတွင်း ရေကြီးမှုနဲ့ မြေပြိုမှုတွေကြာင့် လူ ၁၃၆ ဦး သေဆုံးခဲ့ပြီး ဒါဇင်နဲ့ချီ ပျောက်ဆုံးနေခဲ့ကြောင်းလည်း သိရပါတယ်။ တိုင်ဖွန်း Molave ဟာ ဗီယက်နမ်ကို မဝင်ရောက်မီ ဖိလစ်ပိုင်နိုင်ငံမှာ ဖြတ်သန်းတိုက်ခတ်ခဲ့ရာ အနည်းဆုံး လူ ၁၆ ဦး သေဆုံးခဲ့ကြောင်း AP သတင်းဌာနက ဖော်ပြပါတယ်။
(နောက်ဆက်တွဲသတင်းနဲ့ အချက်အလက် အပြောင်းအလဲရှိလာနိုင်ပါတယ်)