ဒီနေ့အောက်တိုဘာ (၂၉) ရက်မှာ ကြိုတင်မဲတွေ စပေးခဲ့ကြပါပြီ။

ကြိုတင်မဲတွေမှာ ရပ်ကွက်ကော်မရှင်ဥက္ကဌ (သို့မဟုတ်) အတွင်းရေးမှူး၊ မဲရုံကော်မရှင် အဖွဲ့ဝင် တစ်ဦးဦးရဲ့ လက်မှတ်ပါရှိတာကြောင့် မဲရုံမှူးလက်မှတ်မပါ ပါကလည်း ပယ်မဲမဖြစ်ဘူးလို့ သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲတွေ ထံကနေ သိရပါတယ်။



မဲရုံမှူးလက်မှတ်က နိုဝင်ဘာလ (၈) ရက်နေ့ မဲပေးတဲ့နေ့မှာ မှ ပါဝင်ရမှာဖြစ်ပြီး ကြိုတင်မဲတွေမှာ မဲရုံမှူးလက်မှတ် မပါရှိဘူးလို့ ကမာရွတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်စိုးက ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ (၂၉) ရက်မှာ ကြိုတင်မဲတွေ စတင်ကောက်ခံခဲ့ရာမှာ မဲရုံမှူးလက်မှတ်တွေ မပါရှိတာကြောင့် မဲဆန္ဒရှင်ပြည်သူအချို့က စိုးရိမ်မှုရှိခဲ့တဲ့အပေါ် အခုလို ပြန်လည်ရှင်းလင်းခဲ့တာလည်းဖြစ်ပါတယ်။

ဓာတ်ပုံ- အောက်တိုဘာ (၂၉) ရက်မှာ ကြိုတင်မဲများပေးခဲ့စဉ်။

“မဲပေးတဲ့နေ့မှာမှ မဲရုံမှူးလက်မှတ်ပါတာပါ။ ကြိုတင်မဲကတော့ (၈) ရက်နေ့နဲ့ မတူတဲ့အတွက် မဲရုံမှူးလက်မှတ်မပါပါဘူး။ သူ့အစား ရပ်ကွက်ကော်မရှင်ဥက္ကဌ (သို့) အတွင်းရေးမှူး (သို့) ကော်မရှင်အဖွဲ့ဝင် တစ်ယောက်ယောက်ရဲ့ လက်မှတ်ပါရင် ရပါပြီ။ အဲဒါတွေက ကြိုတင် မဲလက်မှတ် နောက်ကျောမှာ ပါပါတယ်။” လို့ ကမာရွတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်စိုးက Duwun ကို ပြောပါတယ်။

ဒီနေ့ အောက်တိုဘာ (၂၉) ရက်မှာတော့ အသက် (၆၀) နှစ်အထက် သက်ကြီးမဲဆန္ဒရှင်တွေ၊ မဲဆန္ဒနယ်ပြင်ပရောက် ပုံစံ (၁၅) နဲ့စာရင်းသွင်းထားသူတွေကို ဦးစားပေးပြီးတော့ ကြိုတင်မဲတွေ စတင်ကောက်ခံနေပြီလည်းဖြစ်ပါတယ်။

 “ အဘွားက အသက် (၈၁) နှစ်ရှိပါပြီ။ ကိုယ့်နိုင်ငံသား တာဝန်ကျေပွန်ချင်လို့ မဲရုံအထိ လာပြီး မဲလာပေးတာပါ” လို့ ဒေါ်အုန်းကြည်က Duwun ကိုပြောပါတယ်။

ဒါ့အပြင် ကမာရွတ်မြို့နယ်နေထိုင်တဲ့ အသက် (၆၀) နှစ်အထက် သက်ကြီးမဲဆန္ဒရှင်တစ်ဦးဖြစ်တဲ့ ဦးမြင့်အောင်ကတော့ “ ကိုယ်ဆန္ဒပြုချင်တဲ့သူကို ဆန္ဒပြုရတဲ့အတွက် ပြည်သူတစ်ယောက်အနေနဲ့ ပျော်ပါတယ်။ အခုမဲလာပေးတဲ့အခါမှာလည်း အဆင်ပြေပါတယ်။သိပ်မစောင့်ရပါဘူး” လို့ ဆိုပါတယ်။

ကိုဗစ်ကပ်ရောဂါကာလအတွင်း ကျင်းပရတဲ့ ရွေးကောက်ပွဲဖြစ်တာနဲ့အညီ ရောဂါကာကွယ်ရေးတွေကို စနစ်တကျလုပ်ဆောင်ထားတဲ့အတွက် အဆင်ပြေမှုရှိခဲ့သလို ဒီလို အသက် (၆၀) နှစ်အထက် မဲဆန္ဒရှင်တွေ ကြိုတင်မဲပေးရတဲ့အတွက် ရွေးကောက်ပွဲနေ့မှာ လူတွေ စုံပြုံပြီး မလာနိုင်တော့တဲ့အတွက် အခက်အခဲမရှိနိုင်တော့ဘူးလို့လည်း ကြိုတင်မဲပေးခဲ့သူ ဦးစိုးအောင်က အခုလို ပြောပြပါတယ်။ 

ဓာတ်ပုံ- အောက်တိုဘာ (၂၉) ရက်မှာ ကြိုတင်မဲများအိမ်တိုင်ရာရောက်ကောက်ခံခဲ့စဉ်။

“ အခုလိုလုပ်လိုက်တော့ ရွေးကောက်ပွဲနေ့မှာ လူတွေ တိုးဝှေ့နေစရာမလိုဘူး။ အန်ကယ်တို့လို အသက် (၆၀) နှစ်အထက် အသက်ကြီးတဲ့သူတွေအတွက် ပိုအဆင်ပြေသွားတယ်။ ရွေးကောက်ပွဲနေ့မှာ မဲလာပေးတဲ့ လူငယ်တွေအတွက်လည်း ပိုပြီးသက်သာလွယ်ကူသွားတာပေါ့” လို့ အသက် (၇၅) နှစ်အရွယ်ရှိတဲ့ ဦးစိုးအောင်က Duwun ကိုပြောပါတယ်။

အသက် (၆၀) နှစ်အထက် သက်ကြီးမဲဆန္ဒရှင်တွေကို ဒီနေ့ အောက်တိုဘာ (၂၉) ရက်ကနေ နိုဝင်ဘာ (၅) ရက်အထိ ကြိုတင်မဲကောက်ခံမှာဖြစ်ပြီး အသက် (၆၀) နှစ်အထက် သက်ကြီးရွယ်အိုတွေအနေနဲ့ ကိုယ်တိုင်ကိုယ်ကျ မဲရုံတွေမှာ မဲလာပေးနိုင်သလို မဲရုံမလာနိုင်တဲ့ မဲဆန္ဒရှင် ပြည်သူတွေအတွက်လည်း အိမ်တိုင်ရာရောက် မိုဘိုင်းအဖွဲ့တွေနဲ့ လှည့်လည်ကောက်ခံပေးနေတာဖြစ်တယ်လို့ လည်း သိရပါတယ်။

“ တော်တော်များများကို ရွေ့လျားစနစ်နဲ့ မဲလက်မှတ်ကောက်မယ်။ ပြည်သူတွေ တိုက်ပေါ်က ဆင်းလာတာနဲ့ ချက်ချင်းမဲထည့်လို့ရအောင်စီမံပေးတယ်။ ဒီနေ့ ပထမဆုံးမဲပေးနေ့မှာလည်း ထက်ဝက်နီးပါးလောက် ကြိုတင်မဲတွေပေးခဲ့ကြပါတယ်” လို့ ကမာရွတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးတင်စိုးက ပြောပါတယ်။

လာမယ့် (၂၀၂၀) ရွေးကောက်ပွဲကို ကိုဗစ်ရောဂါစည်းမျဉ်းစည်းကမ်းတွေနဲ့အညီကျင်းပမှာဖြစ်တာကြောင့် သက်ကြီးရွယ်အိုတွေ၊ မဲဆန္ဒနယ် ပြင်ပရောက်ပြည်သူတွေ၊ ဆေးရုံတက်နေရသူတွေ၊ ကွာရန်တင်းဝင်နေရသူတွေအနေနဲ့ ကြိုတင်မဲတွေပေးရမှာဖြစ်ပြီး မဲပေးမယ့် နိုဝင်ဘာ (၈) ရက်မှာလည်း ကိုဗစ်စည်းကမ်းနဲ့အညီ ဆောင်ရွက်ထားတယ်လို့လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံကနေ သိရပါတယ်။



ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က