အမျိုးသမီးနှစ်ယောက်နဲ့ အမျိုးသားတစ်ယောက် ဒဏ်ရာရရှိခဲ့ပါတယ်။

မကွေးမြို့တွင်ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများလှည့်လည်ချိန်မှာ ခဲဖြင့်ပေါက်သူနှစ်ဦးအား ဖမ်းမိထားပြီးဖြစ်တယ်လို့ မကွေးမြို့နယ်ရဲတပ်ဖွဲ့မှုး ရဲမှုးမြင့်လွင်က ပြောပါတယ််။



အောက်တိုဘာလ ၂၈ ရက်နေ့ နံနက်ပိုင်းတွင် ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများက မကွေးမြို့တွင်းလှည့်လည်ချိန်တွင် မကွေးမြို့ မြို့ဟောင်းရပ်ကွက် နှင့်ယင်းဆိပ်ကျေးရွာအနီးတွင် ခဲဖြင့်ပစ်ခြင်းခံခဲ့ရပြီး ယင်းဆိပ်ကျေးရွာအနီး ခဲဖြင့်ပစ်သူများအား ဖမ်းဆီးရမိကြောင်း ရဲတပ်ဖွဲ့ထံမှသိရပါတယ်။

“ပြည်ခိုင်ဖြိုးလှည့်ရင်းနဲ့ မြို့ဟောင်းဘက်ရောက်တာပေါ့၊မြို့ဟောင်းကအဖွဲ့တွေက အောက်ကနေ ဆူညံ့ပွက်ပြီးတော့ လေးခွနဲ့ပစ်တယ်ထင်ပါတယ်၊အဲဒါနဲ့သူတို့က ၃ ယောက်ဒဏ်ရာရတယ်ပေါ့၊ ကောင်မလေးနှစ်ယောက်နဲ့ ယောက်ျားတစ်ယောက်ဒဏ်ရာရတယ်”လို့ ရဲမှုးမြင့်လွင်က ဆိုပါတယ်။

ဒဏ်ရာရရှိထားသူများအား တွေ့ရစဥ် (ဓာတ်ပုံ - support)

အဆိုပါဖြစ်ရပ်မှာ ပြည်ခိုင်ဖြိုးပါတီဝန်းရံသူများမကွေးမြို့တွင်း လှည့်လည်ချိန်၌ ဖြစ်ပွါးခဲ့ခြင်းဖြစ်ပြီး နေ့လယ်ပိုင်းတွင် အဆိုပါဝန်းရံသူများက ၎င်းတို့ရဲ့ ကျေးရွာများသို့ပြန်ချိန်မှာ ခဲဖြင့်ပစ်ခတ်ခြင်းကို ထပ်မံကြုံတွေ့ ခဲ့ရကြောင်း ရဲမှုးက ပြောပါတယ်။

“ပြည်ခိုင်ဖြိုးကားပြန်တဲ့အခါကျတော့ ယင်းဆိပ်အနီးမှာလေးခွနဲ့တစ်ခါထပ်ပစ်တယ်၊ ကျွန်တော်တို့ သတင်းရတော့ လိုက်ဖမ်းတော့ ၂ ယောက်မိတယ်။ ဘယ်ကလဲဆိုတော့ကျတော့မြို့ဟောင်းရပ်ကွက်က ဖြစ်နေတယ်၊ လေးခွနှစ်လက်နဲ့လောက်စာလုံးတွေနဲ့ အကုန်မိတယ်”လို့ ရဲတပ်ဖွဲ့မှုူးရဲမှုးမြင့်လွင်က ပြောပါတယ်။

အဆိုပါဖြစ်စဉ်နဲ့ ပတ်သတ်ပြီး ရဲတပ်ဖွဲ့အနေနဲ့ အမှုဖွင့်အရေးယူထားတယ်လို့ သိရပါတယ်။ မြို့ဟောင်းရပ်ကွက်တွင်း ခဲနဲ့ ပစ်သူများနဲ့ ပတ်သက်ပြီး ရဲတပ်ဖွဲ့အနေနဲ့ ရုပ်သံမှတ်တမ်းရရှိထားပေမဲ့ ပုံရိပ်များ ဝေဝါးနေမှုကြောင့် အတည်ပြုနိုင်ရန် ခက်ခဲလျက်ရှိတယ်လို့ သိရပါတယ်။

“ရွေးကောက်ပွဲဆိုတာကတော့ ငါးနှစ်တစ်ကြိမ်ကြုံကြရမှာပါ၊ ပြည်သူအချင်းချင်းကို မုန်းတီးနေအောင် ရန်လိုနေအောင် လုပ်ထားတာတွေကိုထိမ်းသိမ်းသင့်တယ်၊ဒီလိုတွေဖြစ်ရတာ ရုပ်လဲဆိုးပါတယ်၊ရွေးကောက်ပွဲ လည်းရုပ်ပျက်ပါတယ်၊မဖြစ်စေချင်ဘူး၊ ပြည်သူတွေကတော့ စိတ်ခံစားချက်အရလုပ်တာပဲ သို့သော် အမုန်းတရားတွေ မုန်းတီးစိတ်တွေဖြစ်အောင်လုပ်နေတဲ့ အသိုင်းအဝိုင်းက ရှိနေတာကို”လို့ မကွေးတိုင်းပြည်ထောင်စု ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအတွင်းရေးမှုး ဦးဆန်းညွန့်အောင်မှ မှတ်ချက်ပြုပါတယ်။

မကွေးပိုစ့်မှ ပေးပို့ထားသော သတင်းဖြစ်ပါသည်။

Share

Loading Next Article...
က္က