မည်သည့်ယာဉ်နဲ့မဆို လိုက်ပါဝန်းရံသူ လူ (၅၀) ဦးထက်မပိုရပါဘူး။

နိုင်ငံရေးပါတီ ဝန်းရံသူတွေ ကား၊ဆိုင်ကယ်၊ အနှေးယာဉ်စတဲ့ ဘယ်လိုယာဉ်အမျိုးအစားနဲ့ မဆို လိုက်ပါ ဝန်းရံပါက လူ (၅၀) ဦးထက်မပိုဘဲ လိုက်ပါရမှာဖြစ်ပြီး မလိုက်နာပါက တည်ဆဲဥပဒေတွေအရ သက်ဆိုင်ရာတွေရဲ့အရေးယူခြင်း ခံရမယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ကြေညာလိုက်ပါတယ်။

အောက်တိုဘာ (၂၉) ရက် ညပိုင်းက ထုတ်ပြန်ခဲ့တာဖြစ်ပြီး ပါတီဝန်းရံသူတွေအနေနဲ့ မဲဆွယ်စည်းရုံးရေးဆိုင်ရာ ညွှန်ကြားချက်တွေ၊ အချိန်ကာလ /နေရာဒေသအလိုက် ထုတ်ပြန်ထားတဲ့ ကျန်းမာရေးဆိုင်ရာ လမ်းညွှန်ချက်တွေကို လိုက်နာရမှာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။



လွှတ်တော်အမတ်လောင်းတွေ မဲဆွယ်စည်းရုံးဟောပြောမှုတွေ ဆောင်ရွက်ရာမှာ တစ်ကြိမ်လျှင် လူ (၅၀) ဦးထက် မပိုဘဲ တစ်ဦးနဲ့ တစ်ဦး အနည်းဆုံး (၆) ပေစီကွာပြီး နေရာချထားရန်၊ ကိုဗစ်-၁၉ ရောဂါထိန်းချုပ်လမ်းညွှန်ချက်တွေအတိုင်းလိုက်နာဆောင်ရွက်ဖို့ကိုလည်း ကော်မရှင်အနေနဲ့ ညွှန်ကြားထားပြီးဖြစ်ပါတယ်။

ဒါပေမယ့် နိုင်ငံရေးပါတီတွေ၊ လွှတ်တော်ကိုယ်စားလှယ်လောင်းတွေအနေနဲ့ မဲဆွယ်စည်းရုံးရာမှာ သတ်မှတ်လူဦးရေထက်ကျော်လွန်တာ၊ Social Distancing စနစ်ကို လိုက်နာဖို့လိုအပ်နေတာ တွေ့ရပြီး ဝန်းရံပြည်သူူတွေလည်း ဝန်ကြီးဌာနက ထုတ်ပြန်ထားတဲ့ ညွန်ကြားချက်တွေကို လိုက်နာဆောင်ရွက်မှု အားနည်းခဲ့တာတွေ့ရတဲ့အတွက် ညွှန်ကြားချက်တွေကို လိုက်နာဆောင်ရွက်ကြဖို့ ကော်မရှင်က အောက်တိုဘာ (၂၄) ရက်က ထုတ်ပြန်ခဲ့ရပါသေးတယ်။

ရန်ကုန်တိုင်းအပါအဝင် ပြည်နယ်နဲ့ တိုင်းတစ်ချို့က မြို့နယ်အချို့မှာ Stay at Home အမိန့်ထုတ်ပြန်ထားခဲ့ပေမယ့် နိုင်ငံရေးပါတီ ဝန်းရံသူတွေဟာ အင်အားပြလှည့်လည်မှုတွေကို ပြုလုပ်ခဲ့တဲ့အတွက် ဝေဖန်မှုတွေ လည်းမြင့်တက်ခဲ့ပါတယ်။ ဒီလို မဲဆွယ်အင်အားပြလှည့်လည်မှုတွေ မလုပ်ဖို့ အင်အားကြီး နိုင်ငံရေးပါတီတွေကနေ မေတ္တာရပ်ခံပန်ကြားမှုတွေ ပြုလုပ်ခဲ့ပေမယ့် မဲဆွယ်စည်းရုံးရေးတွေကတော့ လက်ရှိအချိန်ထိ ဆက်လက်လုပ်ဆောင်နေကြဆဲလည်းဖြစ်ပါတယ်။

ဒါကြောင့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေနဲ့ အခုလို အသိပေးကြေညာချက်ထုတ်ပြန်ရတာလည်းဖြစ်ပြီး ကော်မရှင်အနေနဲ့ ၂၀၂၀ ရွေးကောက်ပွဲကို တည်ငြိမ်အေးချမ်းစွာကျင်းပနိုင်ရေး ဆောင်ရွက်နေရာမှာ ပြည်သူတွေကလည်း ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေလိုက်နာကြဖို့ လိုအပ်တယ်လို့လည်း သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က