ကမ္ဘာတစ်ဝန်းမှာ COVID-19 ကူးစက်ခံရသူဦးရေဟာ ဗုဒ္ဓဟူးနေ့ (အောက်တိုဘာ ၂၈ ရက်) က ပထမဆုံးအကြိမ် ၅၀၀,၀၀၀ ကျော် ထပ်တိုးလာခဲ့ပြီး တစ်ရက်အတွင်း အများဆုံးအဖြစ် စံချိန်တင်ခဲ့ပါတယ်။
(Photo: Reuters)
ကမ္ဘာ့မြောက်ခြမ်း နိုင်ငံတွေမှာ နေ့အလိုက် ကူးစက်မှုအသစ်တွေ တစ်ဟုန်ထိုး မြင့်တက်နေမှုနဲ့အတူ ကမ္ဘာတစ်ဝန်း ကူးစက်မှုကလည်း စံချိန်တင် မြင့်တက်လာခဲ့တာ ဖြစ်ပါတယ်။ ကမ္ဘာတစ်ဝန်း နေ့စဥ် ကူးစက်မှုနှုန်းဟာ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်မပြည့်မီကထက် ၂၅ ရာခိုင်နှုန်းနီးပါး မြင့်တက်လာခဲ့ကြောင်း သိရပါတယ်။ ယခင်က တစ်ကမ္ဘာလုံး နေ့အလိုက် COVID-19 ကူးစက်ခံရသူဦးရေ ၄၀၀,၀၀၀ ဖြစ်လာခဲ့မှုကို ပထမဆုံးအကြိမ်အဖြစ် အောက်တိုဘာလလယ်မှာ စံချိန်တင် တွေ့ရှိထားခဲ့ပါတယ်။
အနောက်အုပ်စုနိုင်ငံ အများစုနဲ့ လက်တင်အမေရိက နိုင်ငံတွေမှာ ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်အတွင်း COVID-19 တစ်ရက်အတွင်း ကူးစက်မှုတွေ အမြင့်ဆုံး စံချိန်တင်ခဲ့ပါတယ်။ အမေရိကန်ကလွဲပြီး အနောက်အုပ်စုနိုင်ငံတွေရဲ့ အစိုးရအများအပြားက ကူးစက်မှုထိန်းချုပ်နိုင်ရေး ပိုမိုတင်းကျပ်ပြင်းထန်တဲ့ အစီအမံတွေ စတင်လုပ်ဆောင်နေခဲ့ကြပါတယ်။
(Photo: Reuters)
ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုဟာလည်း လက်ရှိအချိန်အထိ ၄၅ သန်းရှိပြီဖြစ်ပြီး လူဦးရေ ၁.၁၈ သန်းကျော် သေဆုံးခဲ့ပါတယ်။ တစ်ကမ္ဘာလုံး ကူးစက်မှုရဲ့ ၆၆ ရာခိုင်နှုန်းကျော်နဲ့ သေဆုံးမှု ၇၆ ရာခိုင်နှုန်းကျော်ဟာ ဥရောပ၊ မြောက်အမေရိကနဲ့ လက်တင်အမေရိကတို့မှ ဖြစ်ပါတယ်။ ဥရောပမှာ နေ့အလိုက် ကူးစက်မှုတွေ ပြီးခဲ့တဲ့ သီတင်းနှစ်ပတ်အတွင်း နှစ်ဆဖြစ်လာခဲ့ပြီး အောက်တိုဘာ ၂၉ ရက်နေ့က ပထမဆုံးအကြိမ်အဖြစ် တစ်ရက်အတွင်း ကူးစက်မှုအသစ် ၂၅၀,၀၀၀ တိုးလာခဲ့ကြောင်း Reuters စာရင်းက ဖော်ပြပါတယ်။
ဥရောပဒေသမှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ စုစုပေါင်း ၉.၅ သန်းခန့်နဲ့ သေဆုံးသူ ၂၆၁,၀၀၀ ဝန်းကျင်ရှိခဲ့ပါတယ်။ ပြင်သစ်နိုင်ငံမှာ တနင်္ဂနွေနေ့ (အောက်တိုဘာ ၂၅ ရက်) စာရင်းအရ ကူးစက်ခံရသူ ပထမဆုံးအကြိမ်အဖြစ် ၅၀,၀၀၀ ကျော် တိုးလာခဲ့ပြီး နေ့အလိုက်ကူးစက်မှု အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။
(Photo: Reuters)
ကမ္ဘာတစ်ဝန်း COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးဖြစ်တဲ့ အမေရိကန်မှာလည်း အောက်တိုဘာ ၂၉ ရက်နေ့ ထုတ်ပြန်မှုအရ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၉၁,၂၉၅ ဦး တိုးလာခဲ့ပြီး နေ့အလိုက်ကူးစက်မှု အမြင့်ဆုံးစံချိန်သစ်တင်ခဲ့ကြောင်း Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းအရ သိရှိရပါတယ်။
အမေရိကန်မှာ လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၉ သန်းကျော်နဲ့ သေဆုံးသူ ၂၃၀,၀၀၀ ကျော်ရှိခဲ့ကြောင်း Worldometers ဝက်ဘ်ဆိုက်က ဖော်ပြထားပါတယ်။ ထိုအတောအတွင်း အာရှဒေသမှာလည်း စနေနေ့ (အောက်တိုဘာ ၂၄ ရက်) က COVID-19 ကူးစက်ခံရသူ စုစုပေါင်းအရေအတွက် ၁၀ သန်းကျော်လွန်ခဲ့ပြီး ကမ္ဘာ့တိုက်ကြီးများအနက် ကူးစက်မှု ဒုတိယအများဆုံး ဖြစ်လာပါတယ်။
(Photo: Reuters)
ကမ္ဘာတစ်ဝန်းမှာ ဒုတိယမြောက် ကူးစက်မှုအဆိုးဆုံးဖြစ်တဲ့ အာရှဒေသမှ အိန္ဒိယနိုင်ငံမှာ နေ့အလိုက်ကူးစက်မှု ပျမ်းမျှအားဖြင့် ၄၈,၀၀၀ ခန့်ရှိနေဆဲဖြစ်ပြီး လက်ရှိအချိန်အထိ ကူးစက်ခံရသူ ၈ သန်းကျော်လွန်ပြီလို့ သိရပါတယ်။ အရှေ့အလယ်ပိုင်းဒေသမှ ကူးစက်မှု အဆိုးဆုံးနိုင်ငံဖြစ်တဲ့ အီရန်မှာလည်း COVID-19 ကြောင့် သုံးမိနစ်လျှင် လူတစ်ဦးနှုန်း သေဆုံးနေကြောင်း အစိုးရ ရုပ်မြင်သံကြားသတင်းဌာနက ပြောပါတယ်။
တစ်ကမ္ဘာလုံးအတိုင်းအတာရ ကူးစက်မှုတွေဟာ လျော့ကျသွားတဲ့လက္ခဏာ မရှိသေးဘဲ သုံးရက်နဲ့ လေးရက်အတွင်း ကူးစက်ခံရသူ ၁ သန်းကျော် တိုးလာနေဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာလည်း ဩဂုတ်လလယ်မှစပြီး ကူးစက်မှုနဲ့ သေဆုံးမှုတွေ သိသာစွာ ဆက်တိုက်မြင့်တက်နေခဲ့ရာ ယခုအခါ အရှေ့တောင်အာရှဒေသတွင်း စတုတ္တမြောက် ကူးစက်မှုအများဆုံးနဲ့ တတိယမြောက် သေဆုံးမှုအများဆုံး နိုင်ငံဖြစ်ပါတယ်။
ကျန်းမာရေးနဲ့အားကစား ဝန်ကြီးဌာနက အောက်တိုဘာ ၂၉ ရက် ည ၈ နာရီအချိန်အထိ ထုတ်ပြန်မှုအရ COVID-19 အတည်ပြုလူနာ ၁,၃၃၁ ဦးနဲ့ သေဆုံးသူ ၂၇ ဦး တိုးလာခဲ့ပါတယ်။ လက်ရှိအချိန်အထိ မြန်မာနိုင်ငံမှာ COVID-19 အတည်ပြုလူနာ စုစုပေါင်း ၅၀၄၀၃ ဦး၊ သေဆုံးသူ ၁,၁၉၉ ဦး၊ ပြန်လည်သက်သာပြီး ဆေးရုံမှဆင်းခွင့်ရသူ ၃၀,၀၀၇ ဦးနဲ့ ကုသနေရဆဲ ၁၉,၁၉၇ ဦးရှိကြောင်း သိရပါတယ်။