တစ်ကမ္ဘာလုံးမှာ COVID-19 ကူးစက်မှုနဲ့ သေဆုံးမှု အများဆုံးနိုင်ငံဖြစ်တဲ့ အမေရိကန်မှာ Johns Hopkins တက္ကသိုလ်ရဲ့ ယမန်နေ့ (အောက်တိုဘာ ၂၉ ရက်) စာရင်းအရ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၉၀,၀၀၀ ကျော် တိုးလာခဲ့ပြီး နေ့အလိုက် အမြင့်ဆုံးစံချိန်သစ်တင်ခဲ့ပါတယ်။
(Photo: Reuters)
အောက်တိုဘာလလယ်မှစပြီး ကူးစက်မှုတွေ ပြန်လည်မြင့်တက်နေခဲ့တဲ့ အမေရိကန်မှာ ယမန်နေ့ ဒေသစံတော်ချိန် ည ၈ နာရီခွဲအထိ ၂၄ နာရီအတွင်း ကူးစက်ခံရသူ ၉၂,၁၂၅ ဦးနဲ့ သေဆုံးသူ ၁,၀၂၁ ဦး တိုးလာခဲ့တယ်လို့ Johns Hopkins တက္ကသိုလ်ရဲ့ စာရင်းက ဖော်ပြထားပါတယ်။ ယခင်က အမေရိကန်မှာ နေ့အလိုက်ကူးစက်မှု စံချိန်တင်အများဆုံးအဖြစ် အောက်တိုဘာ ၂၄ ရက်နေ့က ကူးစက်မှုအသစ် ၈၈,၉၇၃ ဦးတိုးပြီး စံချိန်တင်ထားခဲ့တာ ဖြစ်ပါတယ်။
ကမ္ဘာ့နိုင်ငံအသီးသီးရဲ့ COVID-19 ဖြစ်ပွားမှုအခြေအနေ ကိန်းဂဏန်းတွေကို အချိန်နဲ့တစ်ပြေးညီ ဖော်ပြနေတဲ့ Worldometers ဝက်ဘ်ဆိုက်မှာ ယနေ့ (အောက်တိုဘာ ၃၀ ရက်) မနက်ပိုင်းအထိ ဖော်ပြထားမှုအရ အမေရိကန်မှာ COVID-19 ကူးစက်ခံရသူ ၉.၂ သန်းနဲ့ သေဆုံးသူ ၂၃၄,၀၀၀ ကျော်ရှိကြောင်း သိရပါတယ်။
(Image: Worldometers webpage screengrab)
လတ်တလော သီတင်းပတ်များအတွင်း အမေရိကန်အလယ်ပိုင်းတစ်လျှောက်မှာ ကူးစက်ပျံ့နှံ့မှုတွေ သိသာစွာ မြင့်တက်နေပါတယ်။ အနည်းဆုံး ပြည်နယ်ကိုးခု (အင်ဒီယာနာ၊ အိုင်ဟိုင်းအို၊ မိန်း၊ မင်နီဆိုးတား၊ အီလီနွိုက်စ်၊ မြောက်ဒါကိုတာ၊ မြောက်ကာရိုလိုင်းနား၊ မီချီဂန်နဲ့ အော်ရီဂွန်) မှာ ယမန်နေ့က နေ့အလိုက်ကူးစက်မှုများ စံချိန်သစ်တင် မြင့်တက်ခဲ့ကြေင်း Reuters စာရင်းက ဖော်ပြပါတယ်။
အင်ဒီယာနာပြည်နယ်မှာတော့ ဆေးရုံတက်ရတဲ့ COVID-19 လူနာဦးရေလည်း စံချိန်တင်မြင့်တက်ခဲ့တယ်လို့ ဆိုပါတယ်။ အမေရိကန်တစ်ဝန်းမှာ ဆေးရုံတက်လူနာဦးရေ လတ်တလော မြင့်တက်နေခဲ့ပါတယ်။ ကမ္ဘာတစ်ဝန်းမှာတော့ COVID-19 စတင်တွေ့ရှိပြီး ၁၀ လအကြာမှာ ကူးစက်ခံရသူ ၄၅ သန်းကျော်လွန်လာခဲ့ပြီး လူဦးရေ ၁.၁၈ သန်း သေဆုံးခဲ့ကာ ၃၂.၉ သန်း ပြန်လည်သက်သာလာခဲ့ကြောင်း သိရပါတယ်။