ဗုဒ္ဓဘာသာဝင်တွေရဲ့အထိမ်းအမှတ်နေ့ဖြစ်တဲ့ သီတင်းကျွတ်လပြည့်နေ့မှာ ရန်ကုန်မြို့က ဘုရားစေတီတွေအနေနဲ့ ဘုရားဖူးပြည်သူတွေကို ဝင်ရောက်ဖူးမြော်ခွင့်ပေးမှာမဟုတ်ဘဲ ဂေါပကအဖွဲ့တွေရဲ့ အစီအစဉ်နဲ့သာ ဆီမီးပူဇော်မှုတွေဆောင်ရွက်သွားမှာဖြစ်တယ်လို့ သိရပါတယ်။
ကိုဗစ်ကာကွယ်ရေးစည်းမျဉ်းအရ ဘုရားတွေပိတ်ထားတာကြောင့် မြန်မာတို့ရဲ့ရိုးရာပွဲတော် သတင်းကျွတ်လပြည့်နေ့မှာလည်း ဘုရားတွေကို ဆက်လက်ပိတ်ထားမှာပါ။ နှစ်စဉ်နှစ်တိုင်း ရန်ကုန်ကဘုရားတွေမှာ သီတင်းကျွတ်လပြည့်နေ့ရောက်တိုင်း ဆီမီးပူဇော်ပွဲများကို ဘုရားဖူးပြည်သူများနဲ့ ကျင်းပလေ့ရှိပေမယ့် ဒီနှစ်မှာတော့ မြင်တွေ့ရတော့မှာမဟုတ်ပါဘူး။
“ အရင်နှစ်တွေကလိုတော့ ဆီမီးပူဇော်ပွဲလိုမျိုးမလုပ်ပါဘူး။ ဘုရားမှာတာဝန်ကျတဲ့ သူတွေအနေနဲ့ဘုရားအတွင်းထဲမှာ ဆီမီးပူဇော်တာတွေလုပ်သွားမှာပါ။ဒီနေ့ကစပြီး လပြည့်ကျော် (၁)ရက်နေ့ထိ (၃)ရက်တိုင်တိုင်ပူဇော်မယ်။ ပြည်သူတွေ မဝင်ရောက်နိုင်အာင်လည်း လုံခြုံရေးတွေရှိပါတယ်”လို့ဆူးလေဘုရားဂေါပက တာဝန်ရှိသူတစ်ဦးက Duwun ကိုပြောပါတယ်။
ဆူးလေ ဘုရားမှာတော့ တစ်နေ့ကို ဆီမီး (၅၀၀)နဲ့ (၃)ရက်ပူဇော်သွားမှာလို့သိရပါတယ်။ မြန်မာနိုင်ငံရဲ့အထင်ကရစေတီတော် ရွှေတိဂုံဘုရားဖူးမြာ်ခွင့်နဲ့ ပတ်သက်လို့ ဂေါပကအဖွဲ့ကို ဆက်သွယ်ရမှာတော့ အဆက်သွယ်မရရှိခဲ့ပါဘူး။ ရန်ကုန်က ဘုရား၊စေတီတွေကို ကိုဗစ် ပထမလှိုင်းကတည်းက ဖူးမြော်ခွင့်ပိတ်ထားခဲ့ရာမှာ ယနေ့ထိဖြစ်ပါတယ်။
သီတင်းကျွတ်ကာလမှာလည်း ကိုဗစ်ကူးစက်မှုကြောင့် လူစုလူဝေးတွေနဲ့ မကျင်းပဖို့ အတိုင်ပင်ခံကပြောထားပြီး အိမ်ကဘုရားတွေမှာပဲ ပူဇော်ကန်တော့ကြဖို့နဲ့ မိသားစုအလိုက်သာ ဆီမီးထွန်းတာတွေပြုလုပ်ကြဖို့ကိုလည်း မေတ္တာရပ်ခံပြောကြားထားတာလည်းရှိပါတယ်။