မဲမသမာမှုဖြစ်ပွားခဲ့တယ်လို့ စွပ်စွဲချက်တွေကြောင့် ကျေးရွာလူထု (၁၀၀၀)ခန့် စုဝေးပြီး အငြင်းပွားမှု ဖြစ်ပေါ်ခဲ့ပါတယ်။

မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ကျွန်းရင်းကျေးရွာမှာ၊ မဲမသမာမှုကြောင့် ပယ်မဲဖြစ်သွားတဲ့ လက်မှတ်(၄၀)အတွက် မဲပေးခွင့်ပြန်လည်ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကနေ သိရပါတယ်။

လက်ရှိမှာတော့ အငြင်းပွားမှုဖြစ်ပေါ်နေတဲ့ မဲလက်မှတ်(၄၀)ပါဝင်တဲ့ မဲပုံးကိုပေါက်မြို့နယ် ရဲစခန်းအနီးက ဘဏ်မှာ ထိန်းသိမ်းထားပြီး အဲဒီမဲဆန္ဒရှင် (၄၀)အတွက် မဲပေးခွင့်ကိုတော့ (၅)ရက်အတွင်း ပြန်ဆောင်ရွက်ပေးဖို့အတွက်စီစဉ်ထားပါတယ်။



" အဲဒီက ကော်မရှင်ကိုတော့ တာဝန်ယာယီရပ်ဆိုင်းထားရတယ် ။ မဟုတ်ရင် ရွာက ပြဿနာဆက်တက်မှာလေ ။ မဲပုံးကိုတော့ ပေါက်ရဲစခန်းနားက ဘဏ်မှာအပ်ထားတယ် ။ အကြမ်းမျဉ်းအားဖြင့်တော့ ဒါတွေက ပယ်မဲသတ်မှတ်မှာပါ ။ ဒါပေမယ့် ဒီမဲပေးခဲ့တဲ့ ဦးရေ (၄၀)ကိုတော့ သူတို့ရဲ့ မဲပေးပိုင်ခွင့် ပြန်ပြီးခွင့်ပြုထားတယ် ။ အကြောင်းကြားပြီးပြီ ။ မဲလက်မှတ်ပြန်ထုတ်ပေးမယ် ။ ဒီနေ့တောင် သူတို့က ပေးချင်နေတာ ။ ဒီနေ့တော့ မလုပ်ပါနဲ့ ခေတ္တစောင့်ပေးပါ ။ ငါးရက်အတွင်း ဆောင်ရွက်ပေးပါမယ်လို့ မေတ္တာရပ်ခံထားရတယ် " လို့ ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဝင်းစိန်က Duwun ကို ပြောပါတယ်။

လက်ရှိမှာတော့ မဲမသမာမှုဆောင်ရွက်ခဲ့တယ်လို့ သံသယရှိတဲ့ ရပ်/ကျေးဥက္ကဌအပါအဝင် အဖွဲ့ဝင်တွေကို စစ်ဆေးမှုပြုလုပ်နေပြီး အောက်တိုဘာလ (၃၁)ရက်မှာလည်း ထပ်မံစစ်ဆေးမေးမြန်းမှုပြုလုပ်မယ်လို့ သိရပါတယ်။

" သူတို့ကိုက စခန်းမှာတော့ ဖမ်းချုပ်ထားလို့က မရဘူးလေ ။ ကော်မတီဖွဲ့ပြီး စစ်ဆေးမေးမြန်းတာလုပ်နေတယ် ။ မနက်ဖြန် (၃၁)ရက်မှာ ကော်မတီရဲ့ ထင်မြင်ယူဆချက်နဲ့ ခရိုင်ကို တင်လာမှာပေါ့ ။ ပြီးမှ UEC နဲ့ တိုင်းရဲ့ ညွှန်ကြားချက်အရ ဆောင်ရွက်နိုင်မှာပါ ။ ပယ်မဲတွေပဲ ဖြစ်သွားမှာဆိုတော့ အချင်းများစရာတော့ မရှိတော့ပါဘူး ။ လက်ရှိမှာတော့ မြို့နယ်က အများယုံကြည်သူတစ်ဦးနဲ့ ရုံးဝန်ထမ်းတစ်ဦးက ကြိုတင်မဲတွေ ဆက်ပေးနိုင်အောင် သွားပြီး ဆောင်ရွက်နေပါတယ် " လို့ ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဌ ဦးဝင်းစိန်က Duwun ကို ပြောပါတယ်။

အသက်(၆၀)နဲ့အထက် ကြိုတင်မဲကောက်ခံမှုတွေ စတင်ခဲ့တဲ့ အောက်တိုဘာလ (၂၉)ရက်မှာ မကွေးတိုင်းဒေသကြီး ၊ ပခုက္ကူခရိုင် ၊ ပေါက်မြို့နယ် ၊ ကျွန်းရင်းကျေးရွာက သက်ကြီးရွယ်အိုတစ်ဦးက တံဆိပ်တုံးထုနှိပ်ပေးဖို့ အကူအညီတောင်းရာ ရပ်ကျေးကော်မရှင်ဥက္ကဌက တံဆိပ်တုံးထုနှိပ်ပေးတဲ့အတွက် မဲမသမာမှုဖြစ်ပွားခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေဖြစ်ပေါ်ခဲ့ပြီး ရွာသူရွာသား (၁၀၀၀)ခန့် စုဝေးမှုဖြစ်ပွားခဲ့တယ်လို့ ပခုက္ကူခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က