၂၀၂၀အထွေထွေရွေးကောက်ပွဲပျက်ပြားစေရန်အတွက် စည်းရုံးလှုံ့ဆော်ခြင်းများပြုလုပ်ပါက သက်ဆိုင်ရာလွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေပုဒ်မ ၅၈(ဃ)အရအရေးယူခံရမယ်လို့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ထုတ်ပြန်ထားပါတယ်။
ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးရန်ပျက်ပြားစေရန်ဖြစ်စေ၊ ရွေးကောက်ပွဲပျက်ပြားစေရန်ဖြစ်စေ၊ စည်းဝေးဟောပြောခြင်း၊ လှုံ့ဆော်ခြင်း၊ ရေးသားခြင်း၊ ဖြန့်ချိခြင်း၊ ပိုစတာများအသုံးပြုခြင်း၊ အခြားနည်းလမ်းများနဲ့အားထုတ်ကြိုးပမ်းမှုများပြုလုပ်လာပါက တစ်နှစ်ထက်မပိုသော ထောင်ဒဏ်ဖြစ်စေ၊ ကျပ်တစ်သိန်းထက်မပိုသောငွေဒဏ်ဖြစ်စေ၊ ဒဏ်နှစ်ရပ်စလုံးဖြစ်စေကျခံရနိုင်တယ်လို့သိရပါတယ်။
အောက်တိုဘာ ၂၉ရက်နေ့ကစတင်ကောက်ခံနေတဲ့ ကြိုတင်မဲထည့်ရာမှာလည်း စည်းမျဉ်းအတိုင်းဆောင်ရွက်နိုင်ရန်အတွက် လုံခြုံရေးအင်အားအပြည့်သုံးထားပြီး စောင့်ကြည့်မှုတွေလုပ်ဆောင်နေတယ်လို့လည်း သိရပါတယ်။ နိုဝင်ဘာ(၈)ရက်နေ့မှာကျင်းပမယ့် အထွေထွေရွေးကောက်ပွဲအတွက် မဲဆွယ်စည်းရုံးဟောပြောမှုတွေကိုလည်း နိုဝင်ဘာ(၆)ရက်နေ့ည ၁၂နာရီမှာနောက်ဆုံးထားရပ်နားရမယ်လို့လည်း ထုတ်ပြန်ထားပါတယ်။
ဒါ့အပြင် မဲဆွယ်စည်းရုံးတဲ့ ကြော်ငြာ/ပိုစတာတွေကိုလည်း နိုဝင်ဘာ(၆)ရက်နေ့ည ၁၂နာရီမတိုင်ခင်အပြီးဖြုတ်သိမ်းရမှာဖြစ်ပြီး ဖြုတ်သိမ်းခြင်းမရှိတဲ့ဆိုင်းဘုတ်တွေကိုတော့ မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့ သက်ဆိုင်ရာ မြို့နယ်စည်ပင်တွေနဲ့ ညှိနှိုင်းပြီး ဖြုတ်သိမ်းသွားမယ်လို့လည်း ကြေညာထားပါတယ်။
အဆိုပါ ကြော်ငြာ/ပိုစတာဖြုတ်သိမ်းတဲ့လုပ်ငန်းတွေ ဆောင်ရွက်ရတဲ့ ကုန်ကျစရိတ် ကျသင့်ငွေကို သက်ဆိုင်ရာ လွှတ်တော်အမတ်လောင်းတွေက ပြန်လည်ပေးချေရမယ်လို့ ဆိုပါတယ်။ နိုဝင်ဘာလ (၈) ရက်မှာ ကျင်းပမယ့် (၂၀၂၀) ရွေးကောက်ပွဲမှာ နိုင်ငံရေးပါတီ (၉၀) ကျော်က လွှတ်တော်အမတ်လောင်း ခြောက်ထောင်နီးပါး ဝင်ရောက်ယှဉ်ပြိုင်မှာဖြစ်တယ်လို့လည်း သိရပါတယ်။