သရုပ်ဆောင် မို့မို့မြင့်အောင်က ကွယ်လွန်သွားတဲ့ မိခင်ကြီးအတွက် (၁)လပြည့်ကုသိုလ်ကောင်းမှုတွေ ပြုလုပ်ရင်း ဝမ်းနည်းနေရတဲ့အချိန်မှာ သားတပည့်တွေရဲ့ သိတတ်လိမ္မာမှုကြောင့် ခွန်အားတွေ ဖြစ်ခဲ့ရတယ်လို့ ဆိုပါတယ်။
Photo : မို့မို့မြင့်အောင်
အောက်တိုဘာ (၃၀) ရက်နေ့ဟာ သရုပ်ဆောင် မို့မို့မြင့်အောင်ရဲ့ မိခင်ကြီးကွယ်လွန်သွားတာ (၁) လတိတိပြည့်တဲ့ နေ့ဖြစ်ပါတယ်။ ထိုနေ့လေးမှာ မို့မို့မြင့်အောင်ဟာ မိခင်ကြီးအတွက် ကုသိုလ်ကောင်းမှုတွေ ပြုလုပ်နေရင်း လွမ်းဆွတ်သတိရနေမိသလို သူများတွေလို စိတ်ဖြေရာ သားသမီးမရှိ၊မြေးမရှိတဲ့အတွက် ပိုခံစားနေရတယ်လို့ ဆိုပါတယ်။
“လေးစားချစ်ခင် တန်ဖိုးထားရပါသော ချစ်ပရိတ်သတ်ကြီးနှင့် We Love MMMA သဲသဲတုန်တို့ရှင့် ဒီနေ့ မို့ မိခင်ကြီး ကွယ်လွန်တာ ၁ လ ပြည့်သွားပါပြီ။ မိခင်ကြီးအား ရည်စူး၍ သံဃာတော်များကို ပင့်ဖိတ်၍ ဆွမ်းကပ်လှူပါတယ်။ ၁ လသာ ပြည့်သွားတယ် တမ်း တ တတ မေ့လို့မရပါဘူး။ မို့အိမ်အပြန်မှာတော့ လွမ်းလျှအိမ်ပြန်ပါပဲ။ သူများတွေလို စိတ်ပြေရာ သားသမီးလည်းမရှိ မြေးလည်းမရှိပါဘူး ပိုခံစားရတာပေါ့ရှင်” ဆိုပြီး အောက်တိုဘာ (၃၀) ရက်နေ့ ညပိုင်းက ပြောထားတာတွေ့ရပါတယ်။
Photo : မို့မို့မြင့်အောင်
အဲဒီလို ခံစားနေရချိန်မှာ သားတပည့်တွေဖြစ်ကြတဲ့ မိုးအောင်ရင်နဲ့ ကျော်ထက်ဇော်တို့ရဲ့ သိတတ်လိမ္မာမှုကြောင့် သူမရဲ့ပင်ပန်းလွမ်းလျှမှုတွေ လျော့ပါးသွားခဲ့ပြီး ဝမ်းသာပီတိဖြစ်ခဲ့ရတယ်လို့ ဆက်လက်ပြောပြထားပါသေးတယ်။
“အဲဒီလိုခံစားနေရချိန်မှာ ဖုန်းတစ်ခု ဝင်လာပါတယ် ၊ သားသား မိုးအောင်ရင် ဆီကပါ Covid ဖြစ်နေလို့ Online Homage သီတင်းကျွတ် ဂါဝရ ကန်တော့တာပါ။ ဆရာတစ်ယောက်အနေနဲ့ မိခင်မေတ္တာအရင်းခံပြီး ပီတိတွေဖြစ်ရပါတယ်။ သားသား သိတတ်လိမ္မာလို့ပေါ့ မို့ လည်း ဆုတွေ တဝကြီးပေးလိုက်ပါတယ်။ သူ့ဖုန်းကိုချပြီး မကြာခင်မှာပဲ နောက်ဖုန်း တစ်ခုဝင်လာပါတယ်။ သူကတော့ သားတပည့် ကျော်ထက်ဇော် ပါပဲ သား သီတင်းကျွတ် လာကန်တော့ချင်တယ်တဲ့။ မို့ က Covid ကာလမို့လို့ သားကိုအားနာနေတယ်။ သူက သူလည်း အိမ်အပြင်မထွက်ဘူး သား လာကန်တော့ဖို့ အားလုံးစီစဥ်ပြီး ဖြစ်လို့ လာပါရစေဆိုတာနဲ့ မို့ လည်း လာခွင့် ပြုလိုက်ပါတယ်။ ကျွန်မ မှာ အနုပညာ သားသမီးတွေ ရှိနေတာပဲ လွမ်းလျှမှုတွေ လျှော့ပါးသွားပါတယ်။ သား ရောင်နီ လေးနဲ့ အနုပညာ အကြောင်းတွေ အများကြီးပြောဖြစ်တယ် တော်တော်လေး စိတ် သက်တောင့်သက်သာဖြစ်သွားတယ် ဪ မို့ မှာ အနုပညာနဲ့ လွယ်မွေးတဲ့ သားသမီးတွေ ရှိတာပဲ ခွန်အားတွေ ဖြစ်စေပါတယ်”လို့ သူမက ဆိုပါတယ်။
Photo : မို့မို့မြင့်အောင်
မို့မို့မြင့်အောင်ဟာ သူမအရမ်းကို မြတ်နိုးတန်ဖိုးထား ချစ်ခင်ရတဲ့ မိခင်ကြီးကို လက်လွှတ်ဆုံးရှုံးလိုက်ရတဲ့အတွက် အရမ်းကို စိတ်မကောင်းဖြစ်နေတာပါ။ အသက်(၉၉) နှစ်ရှိပြီဖြစ်တဲ့ မို့မို့မြင့်အောင်ရဲ့ မိခင်ကြီးဟာ စက်တင်ဘာလ (၃၀) ရက်နေ့က လူကြီးရောဂါနဲ့ ကွယ်လွန်သွားခဲ့တာ ဖြစ်ပါတယ်။
မို့မို့မြင့်အောင်(Moht Moht Myint Aung)ဟာ လက်ရှိမှာ MRTV-4 ဇာတ်လမ်းတွဲတွေမှာ သရုပ်ဆောင်နေကြတဲ့ အနုပညာရှင်တော်တော်များများကို ကာရိုက်တာနဲ့ ပတ်သက်ပြီး လေ့ကျင့်သင်ကြားပေးနေရသူ တစ်ဦးဖြစ်ပါတယ်။ သူမဟာ ၁၉၈၀ ခုနှစ်က ‘’မွန်းတည့်ချိန်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားကြီးကနေ အနုပညာလောကထဲကို စတင်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ သူမ ရဲ့ အနုပညာသက်တမ်းကတော့ ၃၉ နှစ်ရှိပါပြီ။ အဲဒီနောက် အနုပညာ မှတ်တိုင် ဖြစ်ခဲ့တဲ့ ရုပ်ရှင်ဇာတ်ကားကြီးတွေကတော့ ၁၉၈၅ ခုနှစ်က ‘’နှလုံးသားမြို့တော်’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားနဲ့ အကောင်းဆုံး အမျိုးသမီး ဇာတ်ပို့ ဆု အဖြစ် ပထမဆုံးအကယ်ဒမီဆုကို ရရှိခဲ့ပါတယ်။ အဲဒီနောက် ၁၉၈၉ ခုနှစ်မှာ ‘’ခပ်စိမ်းစိမ်း နေပါမယ်’’ ရုပ်ရှင်ကား၊ ၁၉၉၁ ခုနှစ်မှာ ‘’ သမီးနှင့် အမေများ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၁၉၉၆ ခုနှစ်မှာ ‘’မသုဓမ္မစာရီ’’ ဆိုတဲ့ ရုပ်ရှင်ကား၊ ၂၀၀၈ ခုနှစ်မှာတော့ ‘’မြင်းမိုရ်ထက်က သရဖူ’’ ဆိုတဲ့ ရုပ်ရှင်ဇာတ်ကားတွေနဲ့ အကောင်းဆုံးအမျိုးသမီး ဇာတ်ဆောင်ဆုကို ရရှိပိုင်ဆိုင်ခဲ့သူဖြစ်ပါတယ်။