တံဆိပ်တုံးအတုလုပ်ကြောင်းမှန်ကန်ခဲ့ပါက ရွေးကောက်ပွဲဥပဒေနဲ့အရေးယူမှာဖြစ်ပါတယ်။

လှည်းကူးမြို့နယ်မှာ ကြိုတင်မဲကောက်ခံခဲ့စဉ် တံဆိပ်တုံးအတုနဲ့ ဆန္ဒမဲပေးခဲ့တဲ့ကိစ္စဖြစ်ပွားခဲ့တာကြောင့် ဒီကိစ္စနဲ့ပတ်သက်ပြီး တံဆိပ်တုံးအတုလုပ်ကြောင်းမှန်ကန်ခဲ့ပါက ရွေးကောက်ပွဲဥပဒေနဲ့အရေးယူမှာဖြစ်တယ်လို့ ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌဦးမောင်မွှေးက ပြောပါတယ်။

အောက်တိုဘာလ ၃၀ ရက်နေ့မှာ လှည်ကူးမြို့နယ်၊ မြို့မရပ်ကွက်မှာ ကြိုတင်မဲကို အိမ်တိုင်ရာရောက် လိုက်လံကောက်ခံခဲ့ရာမှာ  ရွေးကောက်ပွဲကော်မရှင်အဖွဲ့နဲ့အတူ လိုက်ပါခဲ့တဲ့ ပြည်ခိုင်ဖြိုးပါတီရဲ့ မဲရုံကိုယ်စားလှယ်တစ်ဦးဟာ UEC အမှတ်တံဆိပ်မပါတဲ့ တံဆိပ်တုံးအတုသုံးပြီး ဆန္ဒမဲပေးဖို့ လုပ်ဆောင်ခဲ့တယ်လို့ သိရပါတယ်။



လက်ရှိမှာတော့ အဲ့ဒီ တံဆိပ်တုံးအတုနဲ့ ဆန္ဒမဲပေးဖို့ လုပ်ဆောင်ခဲ့တဲ့ကိစ္စအား စိစစ်ပြီး အစီရင်ခံစာတင်ပြဖို့ ပြောဆိုထားတယ်လို့ ဆိုပါတယ်။

“ ဘယ်လိုအရေးယူလို့ရလဲဆိုရင် ရွေးကောက်ပွဲဥပဒေတွေရှိတယ် ။ သူရဲ့ ပုဒ်မတွေလည်းရှိတယ်။ ပုဒ်မတွေက အများကြီးရှိတယ်။ ရွေးကောက်ပွဲကို မဲပေးတာနှောက်ယှက်တာလား ။ဆန္ဒမဲ ပေးတဲ့ ဟာတွေ ၊ မဲဆန္ဒရှင်တွေ ပေးတဲ့ မဲတွေကို တမင်ပယ်မဲဖြစ်အောင် တမင်ရည်ရွယ်လုပ်တာလားပေ့ါ။ သတ်မှတ်ထားတဲ့ဥပဒေကရှိပါတယ်။ဥပဒေတွေက အကုန်ပြဌာန်းထားပါတယ်။လက်ရှိမှာတော့ စိစစ်ပြီး အစီရင်ခံစာ တက်ဖို့ပြောထားတယ်”လို့ ရန်ကုန်မြောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဥက္ကဌ ဦးမောင်မွှေးကပြောပါတယ်။

ဓာတ်ပုံ - လှည်းကူးငပိချက်

အခုလို တံဆိပ်အတုံးအတုကို ယူဆောင်လာပြီး ဆန္ဒမဲပေးဖို့ ဆောင်ရွက်ခဲ့တဲ့သူဟာ ပြည်ခိုင်ဖြိုးပါတီက မဲရုံကိုယ်စားလှယ် အမျိုးသမီးဖြစ်ကြောင်း ၊ ဆန္ဒမဲ ၃ ခုကို တံဆိပ်တုံးအတု အသုံးပြုစေခဲ့တာဖြစ်တဲ့အတွက် သူ့ကို အမှုဖွင့်အရေးယူဖို စီစဉ်နေတယ်လို့ NLD ပါတီက ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်း ဦးသိန်းတန်က ပြောပါတယ်။

“သူကတော့ ဘယ်ကရတာလဲဆိုတော့ အမှိုက်ပုံက ကောက်ရပြီး သုံးတာပါလို့ပြောတယ်။ တံဆိပ်တုံးကိုယူကြည့်လိုက်တော့ UEC တံဆိပ်မပါဘူး။ နည်းနည်းလေးလည်း ပုံစံကွဲနေတယ်။ ဒီနေ့ ချိန်းထားတယ်။ မြို့နယ် ကော်မရှင်ကို လည်း ဒီကိစ္စနဲ့ပတ်သက်ပြီး မကျေနပ် ကန့်ကွက်တဲ့အကြောင်းတင်ထားတယ်။ အမှုဖွင့်ဖို့အတွက်လည်း ဒီနေ့ ဥပဒေ ပညာရှင် ၊ ကျွမ်းကျင်သူတွေနဲ့တိုင်ပင်ပြီး လုပ်ဖို့ရှိတယ်။”လို့ ဦးသိန်းတန်ကပြောပါတယ်။

အခုလို တံဆိပ်တုံးအတုသုံးပြီး ဆန္ဒမဲပေးဖို့ လုပ်ဆောင်တာဟာ NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို ၂၀၂၀ ‌ရွေးကောက်ပွဲမှာ အနိုင်ရရှိဖို့အတွက် ဆန္ဒမဲတွေကို ပယ်မဲဖြစ်အောင် ကြံစည်လုပ်ဆောင်နေတယ်လို့ သူက သုံးသပ်ပြောဆိုပါတယ်။ ဒါကြောင့် အခုလို တံဆိပ်တုံးအတုသုံးပြီး ဆန္ဒမဲပေးဖို့ ဆောင်ရွက်ခဲ့တဲ့ ကိစ္စနဲ့ပတ်သက်ပြီး ကန့်ကွက်သလို မကျေနပ်ကြောင်းကို မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ထံ တိုင်ကြားစာပေးပို့ထားတယ်လို့ သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က