ဒေသခံတွေ ရွှေ့ပြောင်းကြရန် ညွှန်ကြားချက်ထုတ်ထားပါတယ်။

ဖိလစ်ပိုင်နိုင်ငံကို ၂၀၂၀ ခုနှစ်ရဲ့ ကမ္ဘာ့အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်း ဦးတည်ချဥ်းကပ်လာမှုကြောင့် ဒေသခံ လူဦးရေ ၁ သန်းနီးပါး ရွှေ့ပြောင်းကြရန် ယနေ့ (အောက်တိုဘာ ၃၁ ရက်) ညွှန်ကြားချက်ထုတ်ထားကြောင်း သိရပါတယ။

(တိုင်ဖွန်း Molave တိုက်ခတ်အပြီး မြင်ကွင်းတစ်ခု) (Photo: AFP)

စူပါတိုင်ဖွန်းဂိုနီ (Super Typhoon Goni) ဟာ လက်ရှိမှာ ပြင်းအားအဆင့် ၅ (Category 5) မုန်တိုင်းအဖြစ် အားအကောင်းဆုံး ဖြစ်နေပြီး ဖိလစ်ပိုင် လူဇွန်ကျွန်းမကြီးသို့ ဦးတည်ချဥ်းကပ်လာနေပါတယ်။ တိုင်ဖွန်းဂိုနီရဲ့ လေတိုက်နှုန်းဟာ တစ်နာရီလျှင် ၁၃၄ မိုင်ဖြစ်ပြီး မုန်တိုင်းကြောင့် လေပြင်းတိုက်စဥ် လေတိုက်နှုန်း တစ်နာရီ ၁၆၅ မိုင်အထိ ရှိနိုင်ပါတယ်။



၂၀၁၃ ခုနှစ်အတွင်း လူ ၆,၃၀၀ ကျော် သေဆုံးခဲ့တဲ့ ဟိုင်ယန် (Haiyan) မုန်တိုင်းနောက်ပိုင်း ဂိုနီက အားအကောင်းဆုံး တိုင်ဖွန်းမုန်တိုင်းအဖြစ် ဖိလစ်ပိုင်ကုန်းတွင်းပိုင်းကို တနင်္ဂနွေနေ့ (အောက်တိုဘာ ၃၁ ရက်) မှာ ဝင်ရောက်မှာဖြစ်ပါတယ်။ မုန်တိုင်းအန္တရာယ် ကြိုတင်ကာကွယ်မှုအဖြစ် ဖိလစ်ပိုင်ကမ်းရိုးတန်းနဲ့ မြေပြိုမှုတွေ ဖြစ်လေ့ရှိတဲ့ Camarines Norte နဲ့ Camarines Sur နေရာဒေသတွေမှာ ရွှေ့ပြောင်းမှုများ စတင်လုပ်ဆောင်ပါတယ်။

(Map: Google)

Albay ပြည်နယ်အစိုးရကလည်း မုန်တိုင်းအန္တရာယ်ရှိ နယ်မြေများရှိ ဒေသခံတွေကို ၎င်းတို့နေအိမ်များမှ ရွှေ့ပြောင်းကြရန် ညွှန်ကြားသွားမယ်လို့ ဒေသဆိုင်ရာ သဘာဝဘေးအန္တရာယ်ဆိုင်ရာဌာနမှ တာဝန်ရှိသူ Gremil Naz က DZBB ရေဒီယိုသတင်းဌာနကို ပြောပါတယ်။ "ဒီမုန်တိုင်းရဲ့ အားကောင်းမှုက ဟာသမဟုတ်ဘူး" လို့ ၎င်းကဆိုပါတယ်။

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်းကလည်း ဖိလစ်ပိုင်ကို တိုင်ဖွန်း Molave ဖြတ်သန်းတိုက်ခတ်ခဲ့ရာ မနီလာမြို့တော်တောင်ပိုင်းရှိ နေရာများတစ်လျှောက်မှ အများစုအပါအဝင် လူ ၂၂ ဦး သေဆုံးခဲ့ပါတယ်။ တိုင်ဖွန်း Molave က ဖိလစ်ပိုင်မှာ ဖြတ်သန်းတိုက်ခတ်ပြီးနောက် ဗီယက်ကိုဝင်ရောက်ခဲ့ရာမှာလည်း လူအများအပြား သေဆုံးမှုနဲ့ ပျောက်ဆုံးမှုတွေရှိခဲ့ပါတယ်။

(တိုင်ဖွန်း Molave တိုက်ခတ်အပြီး ရေကြီးနေမှု) (Photo: AFP)

ယခုလက်ရှိ တိုင်ဖွန်းဂိုနီဟာ ၂၀၂၀ ခုနှစ်အတွင်း ဖိလစ်ပိုင်ကို ဝင်ရောက်တိုက်ခတ်မယ့် ၁၈ ခုမြောက် မုန်တိုင်းဖြစ်ဖြစ်ပြီး တိုင်းဖွန်း Molave ရဲ့ လမ်းကြောင်းအတိုင်းပင် ဖြတ်သန်းသွားမယ်လို့ ခန့်မှန်းထားပါတယ်။ အာဏာပိုင်တွေဟာ မုန်တိုင်းအန္တရာယ်ကြောင့် ရွှေ့ပြောင်းသူတွေကို COVID-19 ကူးစက်မှုကာကွယ်ရေး ခပ်ခွာခွာနေကြရန်လည်း စီမံဆောင်ရွက်နေကြရပါတယ်။ ဖိလစ်ပိုင်ဟာ အရှေ့တောင်အာရှဒေသတွင်း အင်ဒိုနီးရှားပြီးလျှင် ကူးစက်မှုနဲ့ သေဆုံးမှု ဒုတိယအများဆုံး နိုင်ငံလည်းဖြစ်ပါတယ်။

(တိုင်ဖွန်း Molave တိုက်ခတ်အပြီး ရေကြီးနေမှု) (Photo: AFP/Getty Images)

လက်ရှိမှာ တိုင်ဖွန်းဂိုနီဟာ ပစိဖိတ်သမုဒ္ဒရာမှ အနောက်ဘက်သို့ တစ်နာရီလျှင် မိုင် ၁၂ ဖြင့် ရွေ့လျားနေပြီး မနီလာမြို့တော်နဲ့ အနီးပတ်ဝန်းကျင် နေရာဒေသ ၁၄ ခုမှာ မိုးသည်းထန်စွာ ရွာသွန်းပြီး ရေကြီးမှုနဲ့ မြေပြိုမှုအန္တရာယ်ရှိနေကြောင်း သိရပါတယ်။ ဂိုနီအပြင် နောက်ထပ် တိုင်ဖွန်းမုန်တိုင်းတစ်ခုဖြစ်တဲ့ အတ်ဆာနီ (Atsani) ကလည်း ဖိလစ်ပိုင်ကမ်းလွန် ပင်လယ်ပြင်မှာ ပိုမိုအားကောင်းလာနေတယ်လို့ ဆိုပါတယ်။ ဖိလစ်ပိုင်နိုင်ငံကို တစ်နှစ်လျှင် တိုင်ဖွန်းမုန်တိုင်း အရေအတွက် ၂၀ ဝန်းကျင် ဝင်ရောက်တိုက်ခတ်လေ့ရှိကြောင်း Reuters သတင်းက ဖော်ပြပါတယ်။

Share

Loading Next Article...
က္က