မွန်ပြည်နယ် ၊ ကျိုက်ထိုမြို့နယ် ၊ ဝင်းကံကျေးရွာ ကော်မရှင်ရုံး မှာ အသက် ၆၀ ကျော် မဲဆန္ဒရှင်တွေကို ကြိုတင် ဆန္ဒမဲပေးဖို့ဆောင်ရွက်ခဲ့ရာမှာ မဲရုံမှုးက တာဝန်နှင့် လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုပြီ တရားမဲ့ပြုကျင့်တယ်ဆို ပြီး USDP ကိုယ်စားလှယ်လောင်းတစ်ဦးက ကျိုက်ထိုမြို့နယ်ရွေးကောက်ပွဲကော်မရှင်ကို တိုင်ကြားထားတယ်လို့သိရပါတယ်။
ဒါကြောင့် လက်ရှိမှာ အဲ့ဒီ ဝင်းကံကျေးရွာ က မဲရုံမှူးဟာ တကယ်ပဲ တာဝန်နဲ့ လုပ်ပိုင်ခွင့်ကို အလွဲသုံးစားပြုလုပ်ပြီး တရားမဲ့ပြုကျင်မှုရှိမရှိကို အစည်းဝေးထိုင် ဆွေးနွေးဖို့ အစည်းဝေးခေါ်ထားတယ်လို့ ကျိုက်ထိုမြို့နယ်ရွေးကောက်ပွဲကော်မရှင် ဦးအောင်ငွေက ပြောပါတယ်။
“လောလောဆယ် ကျနော်တို့ အစည်းဝေးခေါ်ထားတယ်။ အစည်းအဝေးခေါ်ပြီးမှပဲ ဆုံးဖြတ်နိုင်မှာပါ။ ဖြစ်စဉ်အသေးစိတ်ကိုတော့ ကျနော် အသေးစိတ်မဖတ်ရသေးဘူး။ ဒီနေ့မှ အစည်းဝေးထိုင်ပြီးမှာ ဆွေးနွေးမှာဖြစ်ပါတယ်။ ဒီမဲရုံမှူးကိစ္စနဲ့ပါ။”လို့ ဦးအောင်ငွေက ဆိုပါတယ်။
ကြိုတင်မဲတွေ စတင်ပေးခဲ့တဲ့ အောက်တိုဘာ ၂၉ ရက် ညနေ ၃ နာရီအချိန် မှာ ဝင်းကံကျေးရွာကော်မရှင်မှာ အသက် ၆၀ ကျော်မဲတွေ ကြိုတင်ဆန္ဒမဲပေးနေချိန်မှာ မဲရုံမှူး ဒေါ်ခင်ငြိမ်းချမ်း ( ဝင်းကံ အ.လ.က ကျောင်းအုပ် ) ဖြစ်သူဟာ လျှိ့ဝှက်ဆန္ဒပြုခန်း ရဲ့ နောက် ကွယ်မှာ ကြိုတင်ဆန္ဒမဲပေးမယ့် အသက် ၆၀ ကျော် မဲဆန္ဒရှင်တစ် ဦးနဲ့အတူ ရှိနေတဲ့အပြင် မဲဆန္ဒရှင်ရဲ့ ဆန္ဒကို မေးမြန်းခြင်းမပြုဘဲ “အမေစုကို မဲပေးချင်ရင် ဒီနေရာမှာထု” ဟုပြောဆိုခဲ့တာဖြစ်တယ်လို့ မြို့နယ်ကော်မရှင်ထံ တိုင်ကြားစာမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံဖြိုးရေး ပါတီမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်းဦးမြင့်ဆွေက ရေးသားထားပါတယ်။
ကျိုက်ထိုမြို့မှာ ဒုတိယမြောက်နေ့ ကြိုတင်မဲပေးနေကြပုံ (ဓာတ်ပုံ - ကိုဇေ)
“မဲရုံမှုးဟာ မဲဆန္ဒရှင်တွေရဲ့ အခက်အခဲတွေကို ကူညီဖြေရှင်းပေး ရမည်ဆိုသော်လည်း မဲဆန္ဒရှင်ကို ကူညီပေးသင့်သည့်စကား ကိုမမေးမြန်းဘဲ တရားမဲ့ပြုကျင့်မှုကိုကိုယ်တိုင်ကျူးလွန်ခဲ့ခြင်းဖြစ်ကြောင်း ၊ မဲရုံမှူး ကျောင်းအုပ်ဆရာမကြီးဖြစ်၍ လုပ်ချင်ရာ လုပ်ပိုင်ခွင့်ရှိသည်ဟု ယူဆပြီး အနီးပတ်ဝန်းကျင်ကို ဂရုမစိုက် နိုင်ခြင်း ၊ တရားမဲ့ကျူးလွန်သောမဲဆွယ် ၊ မဲပေးမှုကို ကိုယ်တိုင်ကြုံတွေ့ခဲ့ရကြောင်း” ဦးမြင့်ဆွေရဲ့တိုင်ကြားစာမှာ ပါဝင်ပါတယ်။
ဒါ့အပြင်မဲပုံးတွေမှာလည်း လုံခြုံရေးကလစ် ၄ ခုချည်နှောင်ရမယ့်အစား လုံခြုံရေး ကလစ်ကြိုး နှစ်ချက်သာ ချည်နှောင်ထားတာကြောင့်လည်း တာဝန်ရှိသူနဲ့ ပြောဆိုညှိနှိုင်းပြီး လုံခြုံရေးကလစ်ကြိုးတွေကို ထပ်မံ ချည်နှောင်ခဲ့ရတယ်လို့ သိရပါတယ်။
ဒါကြောင့် ယခုဖြစ်ရပ်သည် ပါတီတစ်ခုအကျိုးအတွက် တာဝန်နှင့် လုပ်ပိုင်ခွင့်ကို ထိထိရောက်ရောက်အသုံး ချလုပ်ဆောင်ကာ တရားမဲ့ အမှုကိုကျူးလွန်ကြောင်း ပေါ်လွင်ထင်ရှားသဖြင့် မြို့နယ်ကော်မရှင်မှ အမြန်ဆုံး ထိရောက်စွာအရေးယူပေးနိုင်ရန်တင်ပြခြင်းဖြစ်တယ်လို့ တိုင်ကြားစာမှာ ဖော်ပြပါရှိပါတယ်။
အဆိုပါ တိုင်ကြားစာကိစ္စနဲ့ပတ်သက်ပြီး ကျိုက်ထိုမြို့နယ်၊ ပြည်ထောင်စုဖွံ့ဖြိုးရေးနှင့်ကြံ့ခိုင်ရေးပါတီရဲ့ ပြည်သူလွှတ်တော်ကိုယ်စားလှယ်လောင်းဦး မြင့်ဆွေထံ ဖုန်းဖြင့် အကြိမ်ကြိမ်ဆက်သွယ်ခဲ့သော်လည်း ဖုန်းလက်ခံဖြေကြားခြင်းမရှိခဲ့ပါဘူး။
အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့သော သတင်းဖြစ်ပါသည်။
Share