အောက်တိုဘာ (၂၉) ရက်နေ့ကစတင်ကာ အသက် (၆၀) နှစ်အထက် မဲဆန္ဒရှင်တွေကို ကြိုတင်မဲတွေ စတင်ကောက်ခံနေရာမြို့နယ်အသီးသီးက မဲရုံအချို့မှာ NLD ပါတီဝင်တွေက ရွေးကောက်ပွဲဥပဒေနဲ့ မကိုက်ညီတဲ့ ကိစ္စရပ်တွေကို ကျုးလွန်ခဲ့ကြောင်း တွေ့ရှိရတယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီက ပြောဆိုလိုက်ပါတယ်။
ဒီနေ့ အောက်တိုဘာ (၃၁) ရက်မှာ ပြည်သူ့ရှေ့ဆောင်ပါတီရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ပြီးပြောဆိုခဲ့တာပါ။ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ တွေ့ရှိချက်တွေအရ အောက်တိုဘာ (၂၉) ရက်နဲ့ အောက်တိုဘာလ (၃၀) ရက်အတွင်း မရမ်းကုန်းမြို့နယ်နဲ့ လှိုှုင်သာယာမြို့နယ်အပါအဝင် မြို့နယ်အသီးသီးက မဲရုံအချို့မှာ NLDပါတီဝင် တစ်ချို့ဟာ မဲရုံအချို့မှာ ဥပဒေနဲ့ အညီတဲ့ ကိစ္စရပ်တွေကို ကျူးလွန်ခဲ့တယ်လို့သိရပါတယ်။
မရမ်းကုန်းမြို့နယ်အတွင်းက မဲရုံအချိုု့မှာဆိုရင် NLD ပါတီဝင် အမတ်လောင်းတွေဟာ ပင်နီအကျီကို ဝတ်ဆင်ပြီး ကော်မရှင်အဖွဲ့ခွဲတွေကို ခေါ်ယူပြီး လမ်းညွှန်မှာကြား စကားပြောဆိုတာတွေ၊ ရွေ့လျားမဲရုံကားပေါ်မှာ ကော်မရှင်နဲ့အတူ အမတ်လောင်းတွေက လိုက်ပါစီးနင်းတာတွေ၊ ပါတီဝင်တွေက မဲရုံကို ဝင်လာပြီးအနီပဲနော်ဟု ပြောဆိုနေတာတွေ၊ မဲရုံရှေ့မှာ ကားတစ်စီးလုံးအနီရောင် စတစ်ကာကပ်ထားတွေ စတဲ့ ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေကို ကျူးလွန်တာကို တွေ့ရှိခဲ့ရတယ်လို့ ပြည်သူ့ရှေ့ဆောင်ပါတီက ဆိုပါတယ်။
ဓာတ်ပုံ- အောက်တိုဘာ (၃၁) ရက်က ပြည်သူ့ရှေ့ဆောင်ပါတီ ရုံးချုပ်မှာ သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့စဉ်။
“ အခုချိန် ကြိုတင်မဲတွေပေးနေရတဲ့အချိန်မှာ တရားမျှတခြင်းအလုပ်ကို ကျွန်မတို့ ပါတီတွေအနေနဲ့ ဆောင်ရွက်ချင်ပါတယ်။ အခု (၂၉) ရက်ကနေ (၃၁) ရက်အထိ မဲရုံတွေမှာ ဥပဒေနဲ့မညီတာတွေကို ကျွန်မတို့က သက်သေအထောက်အထားနဲ့ တင်ပြတာပါ။ လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်ဖို့ဆိုတာ ဒီမိုကရေစီတည်ထောင်ရာမှာ တကယ်ကို အရေးပါပါတယ်။ ရွေးကောက်ပွဲက လွတ်လပ်ပြီး တရားမျှတဖို့ ဆိုတာ ပြည်သူရော ပါတီတွေရော တာဝန်ရှိပါတယ်။ အခုပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကိုယ့်ကိုခန့်အပ်တဲ့ အာဏာရပါတီမျက်နှာကိုပဲ ကြည့်တာပါ။ ဒါတွေက ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို မပြင်ဆင်ရသေးလို့ ဖြစ်ပါတယ်။ “ ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဥက္ကဌ ဒေါက်တာသက်သက်ခိုင်က ဒီနေ့ ပြုလုပ်တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ဒါ့အပြင် သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေအနေနဲ့လည်း ဥပဒေနဲ့မညီတဲ့လုပ်ရပ်တွေ လုပ်ဆောင်နေတာတွေ တွေ့ခဲ့ရပြီး ကြိုတင်မဲစာအိတ်တွေ အရည်အသွေးညံ့ဖျင်းနေတာတွေ၊ ကြိုတင်မဲတွေကို ကြွပ်ကြွပ်အိတ်နဲ့ ထည့်ပြီး တစ်နေရာက တစ်နေရာကို ညွှန်ကြားချက်နဲ့ မညီဘဲသယ်ဆောင်နေတာတွေ၊မဲရုံစောင့်တာဝန်ရှိသူတွေက အနီကိုမဲပေးပါဟု လာသမျှလူတွေကို ပေါ်ပေါ်တင်တင်ပြောဆိုပြီး မဲထည့်ခိုင်းနေတာတွေ စတာတွေကို တွေ့ရှိခဲ့ရကြောင်း ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ လေ့လာတွေ့ရှိချက်တွေမှာ ရေးသားဖော်ပြထားတာပါ။
ဒါကြောင့် မဲရုံအသီးသီးကနေ ရွေးကောက်ပွဲကော်မရှင်က ဥပဒေနဲ့မညီဘဲ ဆောင်ရွက်ခဲ့မှုတွေနဲ့ မဲရုံနဲ့ပတ်သက်ပြီး အာဏာရပါတီရဲ့ တရားမဲ့ပြုကျင့်မှုတွေကို ပြည်သူ့ရှေ့ဆောင်ပါတီက ဥပဒေနဲ့ အညီကန့်ကွက်ကြောင်း ပါတီရဲ့ ဗဟိုအမှုဆောင်အဖွဲ့က ကြေညာလိုက်ပါတယ်။
လက်ရှိ ပြည်သူ့ရှေ့ဆောင်ပါတီအနေနဲ့ နိုဝင်ဘာ (၈) ရက်နေ့အထိ ဆန္ဒမဲပေးကောက်ခံမှုတွေကို ထပ်မံလေ့လာစောင့်ကြည့်ပြီး ရလာတဲ့တွေ့ရှိချက်တွေကို ဥပေဒနဲ့အညီကန့်ကွက်ကြောင်း စာတင်တာတွေ လုပ်ဆောင်သွားမယ်လို့လည်း ပြည်သူ့ရှေ့ဆောင်ပါတီရဲ့ ဒုဥက္ကဌ (၄) ဒေါ်ငုဝါဝင်းကလည်း ပြောခဲ့ပါတယ်။
လွှတ်တော်ရွေးကောက်ပွဲဥပေဒ ပုဒ်မ (၆၁) အရ ရွေးကောက်ပွဲကျင်းပတဲ့နေ့မှာ အမတ်လောင်းတွေက မဲဆန္ဒရှင်တွေကို မဲဆွယ်စည်းရုံးမှုတွေ ကို မပြုလုပ်ရ၊ ပုဒ်မ (၆၂)အရ မဲလာပေးသူတွေကို မဲရုံမှူးနဲ့ အဖွဲ့ဝင်တွေက အနှောက်အယှက်ဖြစ်စေအောင် ဆောင်ရွက်တာတွေကို မပြုလုပ်ရဟု ဖော်ပြထားပြီးအဆိုပါ ပုဒ်မတွေကိုကျူးလွန်ပါက ထောင်ဒဏ် တစ်နှစ် (သို့) တစ်သိန်းထက်မပိုတဲ့ ပြစ်ဒဏ်ချမှတ်ရမယ်လို့ ပြဌာန်းထားတယ်လို့ သိရပါတယ်။
Share