ဂျိမ်းစ်ဘွန်း (James Bond) ရုပ်ရှင်ဇာတ်ကားတွေမှာ ပထမဆုံး ဂျိမ်းစ်ဘွန်းဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့တဲ့ ဆာဘွဲ့ရ နာမည်ကြီး မင်းသားကြီးရှောင်ကွန်နရီ (Sir Sean Connery) ကွယ်လွန်သွားပြီလို့ သူ့ရဲ့မိသားစုက ပြောပါတယ်။
(Photo: Reuters)
စကော့တလန်မင်းသားကြီး ရှောင်ကွန်နရီဟာ ကွယ်လွန်ချိန်မှာ အသက် ၉၀ အရွယ်ရှိပြီဖြစ်ပြီး အေးဂျင့်အမှတ်စဥ် 007 ဂျိမ်းစ်ဘွန်းအဖြစ် သရုပ်ဆောင်ခဲ့မှုဖြင့် ကမ္ဘာကျော်ခဲ့ပါတယ်။ မင်းသားကြီးဟာ ဂျိမ်းစ်ဘွန်ဇာတ်ကား ခုနစ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲသူလည်း ဖြစ်ပါတယ်။
ဘဟားမားစ်မှာ ရောက်ရှိနေခဲ့စဥ် ဆာရှောင်ကွန်နရီဟာ အိပ်စက်နေရင်း ငြိမ်းချမ်းစွာ ကွယ်လွန်သွားခဲ့တယ်လို့ သူ့ရဲ့သားဖြစ်သူက ပြောခဲ့ပါတယ်။ မင်းသားကြီးရှောင်ကွန်နရီဟာ နာမည်ကြီး သရုပ်ဆောင်တစ်ဦးအဖြစ် ဆယ်စုနှစ်ငါးခုကြာ ရုပ်ရှင်နယ်ပယ်မှာ ကျင်လည်ခဲ့ပြီး ၁၉၈၈ ခုနှစ်က The Untouchables ဇာတ်ကားဖြင့် အော်စကာဆုရရှိခဲ့ပါတယ်။
(Photo: Getty Images)
ဆာရှောင်ကွန်နရီဟာ The Hunt for Red October ၊ Highlander ၊ Indiana Jones and Last Crusade နဲ့ The Rock အပါအဝင် အခြားဇာတ်ကားတွေမှာလည်း ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ မင်းသားကြီးဟာ Nassau မြို့မှာ ယနေ့ (အောက်တိုဘာ ၃၁ ရက်) ကွယ်လွန်သွားခဲ့စဥ် ဘဟားမားစ်နိုင်ငံမှာ ရှိနေနိုင်တဲ့ မိသားစုတွေက အနီးမှာရှိခဲ့ကြတယ်လို့ သားဖြစ်သူ ဂျေဆင်ကွန်နရီက ပြောပါတယ်။
ရှောင်ကွန်နရီဟာ မကွယ်လွန်မီ အချိန်အတန်ကြာ နေမကောင်းဖြစ်နေခဲ့တယ်လို့ ဆိုပါတယ်။ "ကျွန်တော့်အဖေကို သိကျွမ်းကြသူတွေနဲ့ ချစ်ခင်ကြသူတွေ အားလုံးအတွက် ဝမ်းနည်းစရာ နေ့တစ်နေ့ပါပဲ၊ ပြီးတော့ အံ့ဩဖွယ်ရာ သရုပ်တစ်ယောက်အဖြစ် သူ့ကိုနှစ်သက်ခဲ့ကြတဲ့ ကမ္ဘာတစ်ဝန်းမှ လူတွေအားလုံးအတွက် ဝမ်းနည်းစရာ ဆုံးရှုံးမှုတစ်ခုပါ" လို့ ဂျေဆင်က ဖွင့်ဟခဲ့ပါတယ်။
(Photo: Medium)
မင်းသားကြီးရှောင်ကွန်နရီဟာ စကော့တလန်နိုင်ငံ အီဒင်ဘတ်ဂ်မြို့တော် Fountainbridge ဒေသမှဖြစ်ပြီး ၁၉၆၂ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ Dr. No ဇာတ်ကားမှာ ဂျိမ်းစ်ဘွန်းအဖြစ် ပထမဆုံး ပါဝင်သရုပ်ဆောင်ခဲ့ပါတယ်။ ထို့နောက် အခြား ဂျိမ်းစ်ဘွန်းရုပ်ရှင်ဇာတ်ကားငါးကားနဲ့ ၁၉၈၃ ခုနှစ်မှာ ထွက်ရှိခဲ့ပြီး ဂျိမ်းစ်ဘွန်းဇာတ်ကားတွဲတွေထဲမှာ မပါဝင်တဲ့ Never Say Never Again ဇာတ်ကားတို့မှာ သရုပ်ဆောင်ခဲ့ပါတယ်။
007 ဂျိမ်းစ်ဘွန်းဇာတ်ကောင်အဖြစ် သရုပ်ဆောင်ခဲ့သူတွေထဲမှာ မင်းသားကြီးရှောင်ကွန်နရီက အလိုက်ဖက်ဆုံးဖြစ်တယ်လို့ ပရိသတ်တွေက အသိအမှတ်ပြုကြပါတယ်။ မင်းသားကြီးရှောင်ကွန်နရီဟာ ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း အသက် ၉၀ ပြည့်ခဲ့တာဖြစ်ပါတယ်။
Ref: BBC, Wikipedia, Sky News,
.