ဧရာဝတီမြစ်အတွင်း တရားမဝင် ဘက်ထရီရှော့တိုက်ငါးဖမ်းဆီးမှုကြောင့် ဧရာဝတီလင်းပိုင်ငယ် (မ) တစ်ကောင် သေဆုံးသွားတယ်လို့ သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS Myanmar) က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ (၂၉) ရက် မနက်ပိုင်းက မန္တလေးတိုင်း၊ မတ္တရာမြို့နယ်၊ သူဌေးကုန်းကျေးရွာနေ ရေလုပ်သားဦးကျော်ဆန်းက သူတို့ ရွာရဲ့ မြောက်ဘက် ကိုင်းတောအနီးမှာ လင်းပိုင်ငယ်တစ်ကောင်သေဆုံးတာကို တွေ့ရတယ်လို့ သိရပါတယ်။
ဓာတ်ပုံ-(WCS Myanmar)
အဲဒီလင်းပိုင်ကိုဆယ်ယူပြီး ကုန်းပေါ်ကို သယ်ယူထားတဲ့အကြာင်း အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို သတင်းပေးပို့ခဲ့ရာကတစ်ဆင့် မတ္တရာမြို့နယ် ငါးလုက်ငန်းဦးစီးဌာနအဖွဲ့၊ နေပြည်တော်ငါးလုပ်ငန်းဦးစီးဌာနမှ ဒုဦးစီးမှူးဦးဆောင်တဲ့ အဖွဲ့နဲ့ အတူ အမှတ် (၁) ရေကြောင်းရဲကွပ်ကဲမှုအဖွဲ့ခွဲ၊ ဒေသခံဧရာဝတီလင်းပိုင်ထိန်းသိမ်းရေးအဖွဲ့တို့က စစ်ဆေးမှတ်တမ်းရယူခဲ့တယ်လို့ ဆိုပါတယ်။
အဆိုပါ လင်းပိုင်မှာ ခန္ဓာကိုယ်အလျား ၄ ပေ၊ ၅ လက်မရှိပြီး ခန့်မှန်းအသက်မှာ (၁) နှစ်ကျော်ခန့် ရှိပြီးသွားမပေါက်သေးဘူးလို့ စစ်ဆေးတွေ့ရှိချက်တွေ အရသိရပါတယ်။ သေဆုံးရတဲ့အကြောင်းရင်းကတော့ ဧရာဝတီလင်းပိုင်တွေဟာ ဧရာဝတီမြစ်အတွင်း ငါးတွေရှိရာ ချောင်းရိုး လိုက်လံ အစာရှာဖွေစားသောက်တဲ့အလေ့အထရှိတာကြောင့် တရားမဝင် ဘက်ထရီရှော့တိုက်ငါးဖမ်းဆီးတာကို ရင်ဆိုင်တွေ့ခဲ့ရတာဖြစ်တယ်လို့လည်း ဆိုပါတယ်။
ဒါကြောင့် အဆိုပါလင်းပိုင်သေကို မှတ်တမ်းထားနိုင်ဖို့ အတွက် ဝက်လက်မြို့နယ် အင်ဒေါင်းကျေးရွာနဲ့ ရွာသစ်ကျေးရွာကြား တောင်ခြေရင်းမှာ အမှတ်အသားပြုလုပ်ပြီး မြှုပ်နှံထားတယ်လို့လည်း သိရပါတယ်။ ၂၀၂၀ ခုနှစ်အတွင်း ဇန်နဝါရီလကနေ လက်ရှိအချိန်ထိ သေဆုံးတဲ့ ဧရာဝတီလင်းပိုင် (၈) ကောင်အထိရှိလာတယ်လို့လည်း သားငှက်ထိန်းသိမ်းရေးအဖွဲ့ (WCS Myanmar) က သိရပါတယ်။