နိုဝင်ဘာ ၅ ရက်နေ့မှာ စတင်သက်ရောက်မှာဖြစ်ပြီး ဒီဇင်ဘာလဆန်းအထိ ကြာမြင့်မယ်လို့ ဆိုပါတယ်။

ဗြိတိန်မှာ COVID-19 ကူးစက်ခံရသူ ၁ သန်းကျော်လွန်လာခဲ့ပြီးနောက် ဝန်ကြီးချုပ် ဘောရစ်ဂျွန်ဆင်က အင်္ဂလန်တစ်နိုင်ငံလုံးကို ဒုတိယအကြိမ် lockdown ကြေညာလိုက်ပြီး အိမ်မှာပဲ Stay at Home အဖြစ် နေထိုင်ကြရမယ်လို့ ကြေညာလိုက်ပါတယ်။

(Photo: Reuters)

အင်္ဂလန်တစ်နိုင်ငံလုံး ဒုတိယအကြိမ် lockdown အစီအစဥ်ဟာ လာမယ့် ကြာသပတေးနေ့ (နိုဝင်ဘာ ၅ ရက်) မှာ စတင်သက်ရောက်မှာဖြစ်ပြီး ဒီဇင်ဘာ ၂ ရက်နေ့အထိ ဖြစ်တယ်လို့ ဝန်ကြီးချုပ်က အတည်ပြု ပြောကြားပါတယ်။ ယခုအချိန်မှာ ထိုသို့ဆောင်ရွက်ရမှာပဲဖြစ်ပြီး အခြားရွေးချယ်စရာ မရှိဘူးလို့ ၎င်းကဆိုပါတယ်။ Lockdown ကာလအတွင်း ပါဆယ်စနစ်ဖြင့် ရောင်းချခွင့်ပြုထားမှာဖြစ်ပေမဲ့ အရက်ဆိုင်၊ စားသောက်ဆိုင်နဲ့ ဘားဆိုင်တွေကို ပိတ်ထားမယ်လို့ သိရပါတယ်။ မရှိမဖြစ် လိုအပ်တဲ့ ဆိုင်တွေကိုတာ့ ဆက်လက် ဖွင့်ထားမှာဖြစ်ပါတယ်။



အင်္ဂလန်တစ်နိုင်ငံလုံး lockdown ကာလအတွင်း ပညာသင်ကြားရန်၊ နေအိမ်မှ အလုပ်မလုပ်နိုင်တာကြောင့် အလုပ်သွားရန်၊ နေအိမ်ပြင်ပ လေ့ကျင့်ခန်းလုပ်ရန်၊ ဆေးကုသရန်၊ အစားအစာနဲ့ မရှိမဖြစ် ပစ္စည်းများဝယ်ရန်၊ အခြားလူများကို ကျန်းမာရေးစောင့်ရှောက်ရန်တို့အတွက်ကိုတော့ ချွင်းချက်ဖြင့် နေအိမ်ပြင်ပ သွားလာခွင့်ပြုထားမယ်လို့ ဆိုပါတယ်။

(Photo: Reuters)

ဗြိတိန်အစိုးရရဲ့ ယခု lockdown စီမံဆောင်ရွက်မှုဟာ နွေဦးရာသီမှာ သတ်မှတ်ခဲ့တဲ့ ပထမအကြိမ် အင်္ဂလန်တစ်နိုင်ငံလုံး lockdown ကဲ့သို့ မဟုတ်ဘဲ ကျောင်းတွေနဲ့ ကောလိပ်တွေကို ဆက်ဖွင့်ထားမယ်လို့ ဆိုပါတယ်။ အင်္ဂလန်တစ်နိုင်ငံလုံးကို lockdown သတ်မှတ်ရခြင်းနဲ့ ပတ်သက်ပြီး မိမိတို့သာမဟုတ်ဘဲ ဥရောပရှိ အခြားနိုင်ငံတွေမှာလည်း lockdown အစီအမံတွေ လုပ်ဆောင်နေတယ်လို့လည်း ဝန်ကြီးချုပ်ဂျွန်ဆင်က ထောက်ပြခဲ့ပါတယ်။

အင်္ဂလန်မှာ lockdown သတ်မှတ်လိုက်ပေမဲ့ ပရီးမီးယားလိဂ် ဘောလုံးပွဲတွေကို ဆက်လက် ယှဥ်ပြိုင်ကစားခွင့် ပြုထားမယ်လို့ ဆိုပါတယ်။ဗြိတိန်ဟာ COVID-19 ကူးစက်မှု ပထမလှိုင်းဖြစ်ပွားစဥ်ကထက် သေဆုံးမှုအရေအတွက် များစွာပိုမိုလာနိုင်တဲ့ လမ်းကြောင်းပေါ်မှာရှိနေခဲ့ကြောင်း အစိုးရထံတင်ပြတဲ့ စာရွက်စာတမ်းတွေက ဖော်ပြထားခဲ့ရာ lockdown အစီအစဥ်များ သတ်မှတ်ရန်လုပ်ဆောင်လာခဲ့တာ ဖြစ်ပါတယ်။

အစိုးရအဖွဲ့အစည်းအဝေးအပြီး ဒေသစံတော်ချိန် အောက်တိုဘာ ၃၁ ရက်နှောင်းပိုင်းမှာ ဝန်ကြီးချုပ်ဘောရစ်ဂျွန်ဆင်က ဆေးဘက်ဆိုင်ရာ အကြံပေး ခရစ်ဝှစ်တီနဲ့ သိပ္ပံဆိုင်ရာအကြံပေး ဆာပက်ထရစ်ဗဲလင့်စ်တို့နဲ့အတူ သတင်းစာရှင်လင်းပွဲတစ်ရပ် ပြုလုပ်ခဲ့ကာ lockdown အစီအစဥ်တွေကို ကြေညာခဲ့တာလည်း ဖြစ်ပါတယ်။ ဗြိတိန်နိုင်ငံမှာ အောက်တိုဘာ ၃၀ ရက်နေ့ ထုတ်ပြန်မှုအရ COVID-19 ကူးစက်ခံရသူ ၂၁,၉၁၅ ဦး တိုးလာခဲ့ပြီး လက်ရှိအချိန်အထိ COVID-19 ကူးစက်ခံရသူ စုစုပေါင်း ၁ သန်းကျော် (၁,၀၁၁,၆၆၀) နဲ့ သေဆုံးသူ ၄၆,၀၀၀ ကျော်ရှိခဲ့ပါတယ်။

(Photo: BBC)

ယခုအခါ ဗြိတိန်က ကမ္ဘာတစ်ဝန်းမှာ အမေရိကန်၊ အိန္ဒိယ၊ ဘရာဇီး၊ ရုရှား၊ ပြင်သစ်၊ စပိန်၊ အာဂျင်တီးနားနဲ့ ကိုလံဘီယာတို့ပြီးလျှင် COVID-19 ကူးစက်ခံရသူ ၁ သန်း ပြည့်မြောက်ကျော်လွန်ခဲ့တဲ့ နဝမမြောက်နိုင်ငံလည်း ဖြစ်လာပါတယ်။ သို့သော် ကျယ်ကျယ်ပြန့်ပြန့် စစ်ဆေးမှု မရှိတာကြောင့် ဗြိတိန်မှာ ကူးစက်ခံရသူ အမှန်တစ်ကယ် အရေအတွက်ဟာ အစိုးရက ထုတ်ပြန်ထားတာထက် ပိုမိုများပြားမယ်လို့ ခန့်မှန်းရကြောင်း BBC က ဖော်ပြပါတယ်။ ဥရောပနိုင်ငံတွေအနက် စပိန်၊ ပြင်သစ်၊ ဂျာမနီ၊ ဘယ်လ်ဂျီယံတို့က တစ်နိုင်ငံလုံး lockdown ကြေညာထားပါတယ်။

Share

Loading Next Article...
က္က