NLD ဟာ ရွေးကောက်ပွဲမှာ အနိုင်ရရုံသက်သက်ကြိုးစားနေတာမဟုတ်ဟုဆို

ဒီမိုကရေစီရေးလူထုအုံကြွမှုကနေ ပြည်သူမွေးဖွားပေးတဲ့ NLD၊ ဒီမိုကရေစီရေးအတွက် အစဉ်တစိုက် မမှိတ်မသုန်ကြိုးပမ်းတဲ့ NLD၊ ထူးချွန်ထက်မြက်တဲ့ခေါင်းဆောင်နဲ့ မှန်ကန်တဲ့မူဝါဒလုပ်ငန်းစဉ်တွေ ရှိတဲ့ NLD ကို တခဲနက် ထောက်ခံမဲပေးဖို့ နိုင်ငံတော်သမ္မတက ဦးဝင်းမြင့်က မေတ္တာရပ်ခံပြောကြားလိုက်ပါတယ်။

ဒီနေ့ နိုဝင်ဘာ (၁) ရက်နေ့မနက်ပိုင်းက သူ့ရဲ့ လူမှုကွန်ရက်စာမျက်နှာကတစ်ဆင့် ပြောကြားခဲ့တာဖြစ်ပြီး ဒီမိုကရေစီလမ်းကြောင်းမပြောင်းရအောင် ဒီမိုကရေစီပန်းတိုင်ရောက်အောင်မဲဆန္ဒရှင်ပြည်သူတွေက NLD ကိုမဲပေးကြဖို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့တာပါ။ ဒါ့အပြင် NLD ဟာ ရွေးကောက်ပွဲမှာ အနိုင်ရရုံသက်သက်ကြိုးစားနေတာမဟုတ်ဘဲ မဲဆန္ဒရှင်မိဘပြည်သူများရဲ့ ဒီမိုကရေစီရေးနှင့်လူ့အခွင့်အရေးအတွက် ကြိုးပမ်းနေခြင်းဖြစ်တယ်လို့ ပါတီ ဒုဥက္ကဌလည်းဖြစ်သူ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်က ပြောကြားခဲ့တာဖြစ်ပါတယ်။



“ ဒီမိုကရေစီလမ်းကြောင်းမပြောင်းရအောင် ဒီမိုကရေစီပန်းတိုင်ရောက်အောင် မဲဆန္ဒရှင်ပြည်သူများက တစ်ညီတစ်ညွတ်တည်း NLD ကိုထောက်ခံမဲပေးဖို့လိုအပ်ပါတယ်။ NLD က နိုင်ငံတော်ခေတ်မှီဖွံဖြိုးတိုးတက်ရေးနဲ့ နိုင်ငံသားများ လူမှုစီးပွားဘဝတိုးတက်ရေးတို့အတွက် လုံးပန်းနေခြင်းဖြစ်ပါတယ်။ “ လို့ သမ္မတ ဦးဝင်းမြင့်က ပြောခဲ့တာပါ။

ရွေးကောက်ပွဲတွေမှာ မဲပေးကြခြင်းဟာ မဲဆန္ဒရှင်ပြည်သူတွေက လွှတ်တော်အသီးသီးမှာ ဆွေးနွေးဆုံးဖြတ်ကြမယ့် လွှတ်တော်ကိုယ်စားလှယ်တွေကို ရွေးကောက်တင်မြှောက်ခြင်းနဲ့ မဲဆန္ဒရှင်ပြည်သူများရဲ့ထောက်ခံမှုနဲ့ နိုင်ငံတော်ကို စီမံခန့်ခွဲအုပ်ချုပ်မယ့် ပြည်သူ့အစိုးရ တစ်ရပ်ကို ရွေးချယ်ပေးခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဒီမိုကရေစီစနစ်မှာ မဲဆန္ဒရှင်ပြည်သူတွေရဲ့ ဆန္ဒမဲဆိုတာ အကြမ်းမဖက်တဲ့ အင်အားအကြီးဆုံးလက်နက်တစ်ခုဖြစ်ပြီး လာမယ့် နိုဝင်ဘာလ (၈) ရက်နေ့မှာကျင်းပမယ့် လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲဟာ ပြည်သူလူထုနှစ်ရှည်လများ လိုလားတောင့်တနေတဲ့ ဒီမိုကရေစီရေးအတွက် အသက်တမျှအရေးကြီးကြောင်း၊ ရတောင့်ရခဲ ဒီအခွင့်အရေးကို မိမိရရ ဆုပ်ကိုင်ပြီး ဒီမိုကရေစီပြည်ထောင်စု ဖက်ဒရယ်နိုင်ငံတော်သစ်အတွက် အနာဂတ်မျိုးဆက်တွေအတွက် တာဝန်ကျေကြဖို့ လိုအပ်ကြောင်းကိုလည်း သမ္မတဦးဝင်းမြင့်က တိုက်တွန်းပြောကြားခဲ့တာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က