မဲပေးလိုသူတွေရဲ့ စာရင်းကို ကောက်ခံနေပြီလည်းဖြစ်ပါတယ်။

ကိုဗစ်ကြောင့် ဆေးရုံတက်ရောက်နေရသူတွေ၊ ကွာရန်တင်းဝင်နေရသူတွေအနေနဲ့ နိုဝင်ဘာ (၅) ရက်နေ့အတွင်း ကြိုတင်မဲတွေ ပေးရမှာဖြစ်တယ်လို့ သက်ဆိုင်ရာ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲတွေထံကနေ သိရပါတယ်။ 

လက်ရှိ မြို့နယ်၊ ရပ်ကွက်အသီးသီးမှာ ကွာရန်တင်းဝင်နေသူတွေနဲ့ ကိုဗစ်လူနာစာရင်းတွေကို စင်တာတွေ၊ ဆေးရုံတွေမှာ တောင်းခံထားပြီး စာရင်းရတာနဲ့ ရပ်ကွက်ရွေးကော်ရုံးတာဝန်ရှိသူတွေနဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေက သွားရောက်ဆောင်ရွက်မှာဖြစ်တယ်လို့လည်း ဆိုပါတယ်။



“ အဲဒါတွေက မြို့နယ်ရွေးကော်ကနေ စင်တာအကြီးအကဲတွေနဲ့ ချိတ်ဆက်ဆောင်ရွက်နေပါတယ်။ သူတို့က Non-Contact ပုံစံမျိုးနဲ့ မဲပေးရမှာပါ။ကွာရန်တင်းစင်တာရောက်နေသူတွေနဲ့ Positive လူနာတွေက အခု ဒီ (၅) ရက်နေ့အတွင်းပေးနိုင်တော့မှာပါ။ အခုကတော့ ဆောင်ရွက်နေဆဲကာလပဲ ရှိပါသေးတယ်။ ဥပမာ- အခု ဖောင်ကြီးဆေးရုံ အတွက် လှည်းကူးမြို့နယ် ရွေးကောက်ရုံးက ဆောင်ရွက်နေပါတယ် ” လို့ ရန်ကုန်အနောက်ပိုင်းခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌ ဦးခင်မောင်ဝင်းက Duwun ကို ပြောပါတယ်။

ဓာတ်ပုံ- အောက်တိုဘာ (၂၉) ရက်က သက်ကြီးမဲဆန္ဒရှင်တွေကို ရွေ့လျားစနစ်နဲ့ ကြိုတင်မဲကောက်ခံနေစဉ်။

 အဆိုပါ ကိုဗစ်လူနာတွေနဲ့ ကွာရန်တင်းဝင်နေရသူတွေကို ဆန္ဒမဲကောက်ခံရာမှာ စင်တာအကြီးအကဲ၊ ဆရာဝန်ကြီးတွေကနေ မဲလက်မှတ်တွေကို မှန် (သို့မဟုတ်) ပလတ်စတစ်ခြားထားပြီး ပြသကာ ဆန္ဒမဲပေးလိုတဲ့ပါတီကို မျက်မြင်ထည့်ပေးမှာ ဖြစ်တယ်လို့လည်းသိရပါတယ်။

ဒီလို ကောက်ခံမှုဟာ လက်ရှိကိုဗစ်၁၉ရောဂါဖြစ်ပွားမှုကြောင့် ကောက်ခံရတဲ့ ထူးခြားတဲ့စနစ်ဖြစ်ပြီး မဲပေးသူနဲ့ မဲလက်မှတ်ပေါ် အမှတ်ခြစ်ပေးသူတို့ သိနိုင်တဲ့ မဲပေးမှုဖြစ်တာကြောင့် လျှို့ဝှက်ဆန္ဒမဲတော့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။ ဒါကြောင့် မြို့နယ် ၊ ခရိုင်အလိုက် ကွာရန်တင်းစင်တာတွေ နဲ့ ကိုဗစ်ကုသရေးဆေးရုံတွေမှာ ရောက်ရှိနေတဲ့သူတွေရဲ့ မဲပေးလိုတဲ့ ဆန္ဒကို ကြိုတင်မေးမြန်းကာမဲပေးလိုတဲ့ လူစာရင်းကို ကောက်ခံနေတာဖြစ်တယ်လို့လည်း သိရပါတယ်။

“ စင်တာကနေ လူနာစာရင်းတွေ လှမ်းတောင်းထားတယ်။သူတို့မပို့သေးဘူး။ သူတို့ဆီက စာရင်းရတာနဲ့ ရပ်ကွက်တာဝန်ရှိသူတွေကို ညွှန်ကြားပြီး ရပ်ကွက်ဆင်းပြီး မဲလက်မှတ်သွားကောက်မှာပေါ့။ ကမာရွတ်မြို့နယ်အတွင်းမှာဆိုရင် စင်တာ (၇) ခုရှိတယ်။ စင်တာ (၇) ခုလုံးက စာရင်းတွေ ကောက်ထားပါတယ်” လို့ ကမာရွတ်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္ကဌ ဦးတင်စိုးက Duwun ကိုပြောပါတယ်။

လက်ရှိမှာတော့ အောက်တိုဘာ (၂၉) ရက်ကစတင်ကာ အသက် (၆၀) နှစ်အထက် သက်ကြီးမဲဆန္ဒရှင်တွေကို ကြိုတင်မဲတွေ ကောက်ခံနေတာဖြစ်ပြီး ကွာရန်တင်းဝင်နေရသူတွေ၊ ကိုဗစ်လူနာတွေ၊ မဲဆန္ဒနယ်ပြင်ပရောက်နေသူတွေကလည်း ကြိုတင်မဲတွေ ပေးနိုင်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ကြေညာထားတာဖြစ်ပါတယ်။


ဆက်စပ်အကြောင်းအရာများ

Share

က္က