ဒီယာကတ်ပြားတွေကို ပြန်သိမ်းပေးဖို့ ချောက်မြို့နယ် NLD ဥက္ကဋ္ဌ ဦးမောင်မောင်ကျော်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားစာပို့ထားတယ်လို့ သိရပါတယ်။

မကွေးတိုင်း ချောက်မြို့နယ်မှာ USDP ပါတီဝင် ၅ ဦးဟာ ပြည်ထောင်စုနေ့စဉ်သတင်းစာမှ သတင်းထောက်ဆိုကာ မီဒီယာသက်သေခံကတ်သုံးပြီး မဲရုံများအတွင်း ဝင်ရောက်ကြည့်ရှုလေ့လာမှုတွေရှိနေတာကြောင့် အဲ့ဒီလူတွေဆီက မီဒီယာကတ်ပြားတွေကို ပြန်သိမ်းပေးဖို့ ချောက်မြို့နယ် NLD ဥက္ကဋ္ဌ ဦးမောင်မောင်ကျော်က မြို့နယ်ရွေးကောက်ပွဲကော်မရှင်ထံ တိုင်ကြားစာပို့ထားတယ်လို့ သိရပါတယ်။



အဆိုပါ ပြည်ထောင်စုနေ့စဉ်သတင်းစာက သတင်းထောက်ဟုဆိုတဲ့ လူ ၅ ဦးသည် အောက်တိုဘာလ ၂၉ ရက်နေ့က ချောက်မြို့နယ်၊ အမှတ် ၁ နယ်မြေ၊ အမှတ် ၂ နယ်မြေ၊ အမှတ် ၁၅ နယ်မြေက မဲရုံအတွင်းကို မီဒီယာသက်သေခံကတ်ပြားဖြင့် ဝင်ရောက်ခဲ့တယ်လို့သိရပါတယ်။

ဒါကြောင့် ရွေးကောက်ပွဲ မှာ ထားရှိရမယ့် သတင်းမီဒီယာ၊ သတင်းသမားကျင့်ဝတ် ၊ ရွေးကောက်ပွဲမှာ ပါဝင်ယှဉ်ပြိုင် ရွေးကောက်ခံကြမယ့် ပါတီဝင်တွေရဲ့ ကျင့်ဝတ် တွေနဲ့ မလျော်ညီသော မီဒီယာကတ်တွေကို ပြန်ရုပ်သိမ်းပေးဖို့ တင်ပြထားတာဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် အဲ့ဒီ သတင်းထောက်အမည်ခံ လူ ၅ ဦးကိုတော့ ချောက်မြို့က လူအများက  USDP ပါတီဝင်တွေအဖြစ်သာသိရှိထားပြီး ၊ သတင်းထောက်အဖြစ် မသိရှိကြဘူးလို့လည်းဆိုပါတယ်။

“သူတို့က မဲရုံကို ဝင်လိုက်ထွက်လိုက်လုပ်နေတယ်။ အဲ့ဒါနဲ့ ကျနော် စုံစမ်းကြည့်တော့ မီဒီယာသက်သေခံကတ်ရထားတယ်၊ ဘယ်ကထုတ်ပေးလဲဆိုတော့ ခရိုင်ကော်မရှင်ကထုတ်ပေးထားတယ်။ သူတို့ပါတီဝင်တွေမှန်း အကုန်လုံးက သိနေပြီးသား။ သတင်းတွေကိုတော့ တစ်ခါမှ ဖော်ပြတာမသိဘူး ၊အဲဒီတော့ ကော်မရှင်ကိုလည်းသွားမေးတယ် ။ ခရိုင်ကထုတ်ပေးထားတာမှန်တယ်။ ဒါကြောင့် မြို့နယ်ကော်မရှင်ကိုပဲ ကွန်ပလိမ်းတက်လိုက်တယ်။ အကြောင်းက သတင်းထောက်အနေနဲ့မသိဘဲ ပါတီဝင်အနေနဲ့ပဲသိတယ်။ ပြည်ထောင်စုနေ့စဉ်သတင်းစာက ကြံ့ခိုင်ရေးက သတင်းစာဖြစ်နေတာကတစ်ခု၊ ရွေးကောက်ပွဲမှာကျတော့ ပြည်ခိုင်ဖြိုးပါတီဝင်အနေနဲ့မဟုတ်ဘဲ မီဒီယာအနေနဲ့ ဝင်ထွက်နေတာပေါ့။အဲဒါကြောင့် ကျင့်ဝတ်အနေနဲ့ တစ်ခုကတော့ရှိသင့်တယ်ဆိုပြီး ကွန်ပလိန်းတက်တာပါ။”လို့ ဦးမောင်မောင်ကျော်ကပြောပါတယ်။

အဓိက ကတော့ အဲဒီ လူငါးဦးဟာ ကော်မရှင်က ထုတ်ပေးထားတဲ့ ရွေးကောက်ပွဲနေ့သတင်းယူခွင့် မီဒီယာသက်သေခံကတ်ပြားတွေကိုအသုံးချပြီး နိုဝင်ဘာလ ၈ ရက်နေ့မှာ ကျင်းပမယ့် ရွေးကောက်ပွဲကို ကျင့်ဝတ်နဲ့မညီဘဲ ဝင်ထွက်သွားလာနေမှာကိုစိုးရိမ်တဲ့အတွက် သတင်းမီဒီယာကတ်တွေကို ပြန်သိမ်းဖို့ တင်ပြထားတာဖြစ်ပါတယ်။

ဒီကိစ္စနဲ့ပတ်သက်ပြီး ချောက်မြို့နယ် ရွေးကောက်ပွဲကော်မရှင်ဥက္က ဋ္ဌ ဦးခင်မောင်နု က “ ဒီကိစ္စနဲ့ပတ်သက်ပြီး ကျွန်တော်တို့ အထက် ခရိုင်ကိုတင်ပြထားပါတယ်။ ဖြစ်စဉ်နဲ့ပတ်သက်ပြီး အဲဒီလိုပေါ့ လာပြောသူရှိတယ်။ လောလောဆယ်တော့ တိုင်စာလက်ခံထားတဲ့အဆင့်ပဲရှိတယ်။ ကျွန်တော်တို့က လုပ်ပိုင်ခွင့်မရှိဘူး။ အထက်ကို အစီရင်ခံစာပြန်တင်ထားပါတယ်”လို့ ပြောပါတယ်။

ကြိုတင်မဲတွေ စတင်ကောက်ခံတဲ့ အောက်တိုဘာလ ၂ ၉ ရက်နေ့ကစပြီး အောက်တိုဘာ ၃၀ ရက်နေ့အထိ ၂ ရက်အတွင်း မကွေးတိုင်းထဲက မြို့နယ်အချို့မှာ ရွေးကောက်ပွဲကော်မရှင်နဲ့ ဆန္ဒမဲပေးသူတွေအကြား အငြင်းပွားဖွယ် ပြဿနာဖြစ်ပွားမှုတွေ ရှိနေပါတယ်။

လက်ရှိအထိလည်း ကြိုတင်ဆန္ဒမဲကောက်ယူမှုတွေကို မြို့နယ်အလိုက် မှာ တာဝန်ရှိသူတွေက အလှည့်ကျ လုပ်ဆောင်နေတယ်လို့သိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချို ပေးပို့ထားသော သတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

က္က