အိန္ဒြာကျော်ဇင်ရဲ့ ပန်းချီကား (၂) ကားက သိန်း(၃၀)နဲ့ ပြေသုဒြာလေးရဲ့ ပန်းချီကားက (၇)သိန်းတိတိရရှိခဲ့တာပါ။ဒီကနေ ရရှိတဲ့ငွေကြေးတွေကို ကိုဗစ်ကုသရေးတွေအတွက် ပြန်လည်လှူဒါန်းမှာလည်း ဖြစ်ပါတယ်။
Photo : အိန္ဒြာကျော်ဇင်
3color ပန်းချီပြခန်းပေ့ချ်မှာ အနုပညာရှင် (၁၆) ဦး ကိုယ်တိုင်ရေးဆွဲထားတဲ့ ပန်းချီကားတွေကို ရောင်းချနေတာ ဖြစ်ပြီး အဲဒီကနေ ရရှိတဲ့ငွေကြေးတွေကို ကိုဗစ်ကုသရေးတွေအတွက် ပြန်လည်လှူဒါန်းမှာလည်း ဖြစ်ပါတယ်။ အခုဆိုရင် အိန္ဒြာကျော်ဇင်ရဲ့ ပန်းချီကား (၂)ကားဟာ သိန်း(၃၀)နဲ့ လေလံအောင်ခဲ့ပြီး သမီးလေး ပြေသုဒြာဆွဲထားတဲ့ ပန်းချီကားက (၇)သိန်းနဲ့ လေလံအောင်သွားခဲ့ပါပြီ။ ဝါသနာရှင်အဆင့်အ ရည်အသွေးလောက်ပဲ ရှိတဲ့ သူမတို့ သားအမိဆွဲထားတဲ့ ပန်းချီကားလေးကို ဝယ်ပြီး အလှူမှာ ပါဝင်ပေးကြတဲ့ သူတွေကိုလည်း အိန္ဒြာကျော်ဇင်က ကျေးဇူးတင်စကား ဆိုထားပါသေးတယ်။
“အူဝဲနဲ့သမီးလေးပြေသုဒြာတို့ရဲ့ ပန်းချီလေးတွေကို အခုလို တန်ဖိုးထားပြီး ဝယ်ယူလှူဒါန်းပေးကြတာကို ကျေးဇူးအများကြီးတင်ပါတယ်။ ဒီပန်းချီကားလေးတွေက အနုပညာအရကြည့်ရင် ဝါသနာအရဆွဲထားတဲ့ ဝါသနာရှင်အဆင့်အရည်အသွေးလောက်ပဲရှိတဲ့ ပန်းချီလေးတွေကို ဒီလောက်ငွေကြေးတွေအထိ တန်ဖိုးထားပြီး အူဝဲနဲ့ ပြေသုဒြာလေးကို ချစ်ပေးပြီး အလှူလေးကို အားတက်သရောပါဝင်ပေးကြလို့လဲ ပိုပြီး ဝမ်းသာကြည်နူးပြီး ကျေးဇူးတင်ရပါတယ်။ ဒီပန်းချီလေးတွေကို လေလံအပြိုင်ဝင်ဆွဲပြီး အလှူမှာပါဝင်ပေးခဲ့သူတွေရောလေလံ အောင်ခဲ့ တဲ့ The Care Fly film Production (မျှော်လင့်ခြင်းပြတင်းပေါက် ပန်းချီကားလေး)၊ မကြာကြာ ( အပြင်မထွက်ဘူး တံခါးပိတ်ထားမယ် ပန်းချီကားလေး) နဲ့ ချစ်သော Ar-T အားတီ က သုသုလေးရဲ့ Running Free ပန်းချီလေးတွေကို ဝယ်ယူပြီး လှူဒါန်းခဲ့တဲ့အတွက် အထူးကျေးဇူးတင်ရှိ ပါကြောင်း၊ အူဝဲအတွက်တော့ ဒီ stay home သီတင်းကျွတ်လေးက မမေ့နိုင်တဲ့ပျော်စရာအမှတ် တရလေး တခုဖြစ်ခဲ့ပါပြီ။ ချစ်သောပရိတ်သတ်ကြီး အားလုံး ကျန်းမာဘေးကင်းသောဆုနဲ့ပြည့်ဝကြပါစေ"”ဆိုပြီး နိုဝင်ဘာ(၁) ရက်နေ့က သူမရဲ့ ဖေ့စ်ဘွတ်ပေ့ချ်မှာ ရေးသားထားတာပါ။
Photo : အိန္ဒြာကျော်ဇင်
ဒီအစီစဥ်မှာ အိန္ဒြာကျော်ဇင်က သူမရေးဆွဲထားတဲ့ Window of hope နာမည်ရှိ ပန်းချီကား၊ Lets not go out ဆိုတဲ့နာမည်နဲ့ ပန်းချီကားတစ်ချပ်အပြင် ပြေသုဒြာလေးရဲ့ Running Free ပန်းချီကားလေးတွေကို ထည့်သွင်းကာရောင်းချခဲ့တာ ဖြစ်ပါတယ်။ ကိုဗစ် အလှူအတွက် 3 Color ပန်းချီပြခန်းဆိုတဲ့ အစီအစဉ်လေးကိုတော့ အောက်တိုဘာလ (၂၀) ရက်နေ့ ကတည်းက ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒီ အလှူမှာ ပါဝင်ကြမယ့် အနုပညာရှင်တွေကလည်း ပရိသတ် အခိုင်အမာ ရရှိထားကြသူတွေ ဖြစ်ပြီး လက်ရှိမှာလည်း အောင်မြင်မှုတွေ အများကြီး ပိုင်ဆိုင်ထားကြသူတွေပါ။
အိန္ဒြာကျော်ဇင်ဟာ ၁၉၉၆ တစ်ခုနှစ်ထဲမှာပဲ MISS KOKKINE & MISS CHRISTMAS ၂ဆုလုံး ရထားတဲ့ Miss ၁ ဦးဖြစ်ခဲ့ဖူးပါတယ်။ သူမဟာ အနုပညာလောကထဲမှာ အောင်မြင်တဲ့ သရုပ်ဆောင်တစ်ဦးအဖြစ် ခိုင်မာစွာ ရပ်တည်နေနိုင်သူ တစ်ဦးဖြစ်ပြီး ၂၀၀၄ ခုနှစ်မှာ "မျက်နှာများတဲ့ မိုးကောင်းကင်" ရုပ်ရှင်ဇာတ်ကား၊ ၂၀၁၇ခုနှစ်မှာ "ရင်ဘက်ထဲကဓား" တို့နဲ့ ဇာတ်ဆောင်ဆုတွေကို ပိုင်ဆိုင်နိုင်ခဲ့ သူပါ။ အိန္ဒြာကျော်ဇင်ဟာ သရုပ်ဆောင်ပြေတီဦးနဲ့ ၂၀၁၁ခုနှစ် ဇန်နဝါရီ ၁ရက်နေ့မှာ လက်ထပ်ခဲ့ကြတာဖြစ်ပါတယ်။ အခုဆိုရင်တော့ အိမ်ထောင်သက်တမ်း ၉ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။ သူတို့မှာတော့ ချစ်စရာကောင်းတဲ့ သမီးကြီး ပြေသုဒြာနဲ့ ချစ်စရာကောင်းတဲ့ သားငယ်လေး ပြေဓီရ တို့ကို ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။