မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်ထဲက ကျေးရွာတစ်ခုမှာဖြစ်ပွားခဲ့တာပါ။

မွန်ပြည်နယ်၊ သထုံခရိုင်၊ ပေါင်မြို့နယ်ထဲက ကျေးရွာတစ်ခုမှာ အသက် (၆၀) နှစ်အထက် သက်ကြီးမဲဆန္ဒတွေကို ကြိုတင်မဲတွေ ကောက်ခံရာမှာ မဲလက်မှတ်မှာ တံဆိပ်နှိပ်ပေးရမယ့် ရွေးကောက်ပွဲကော်မရှင်အမှတ်အသားပါ တံဆိပ်တုံး အစစ်ကို အတုနဲ့ လဲလှယ်နှိပ်ခိုင်းမှု ဖြစ်ပွားခဲ့တယ်လို့သိရပါတယ်။

နိုဝင်ဘာလ ၁ ရက်နေ့က ပေါင်မြို့နယ် ၊ အင်းပြောင်ကျေးရွာအုပ်စု၊ တံခွန်တိုင်ရွာမှာ သက်ကြီးရွယ်အိုတွေ ကြိုတင်မဲပေးနေချိန် ဆန္ဒမဲပေးစဉ်နှိပ်ရမယ့် ကော်မရှင်တံဆိပ်တုံးကို UEC အမှတ်တံဆိပ်မပါတဲ့ တံဆိပ်တုံးအတုနဲ့ လဲလှယ်ထားတာကို သိရှိခဲ့ရတယ်လို့ သထုံခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အတွင်းရေးမှူး ဦးသက်နိုင်ဦးကပြောပါတယ်။



ဒါကြောင့် တံဆိပ်တုံးအတု လဲလှယ်ခံလိုက်ရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ကော်မရှင်အပါအဝင် စေ့စပ်ညှိနှိုင်းရေးအဖွဲ့ အစည်းအဝေးလုပ်ဆောင်နေပြီး တံဆိပ်တုံးအတုအသုံးပြုပြီး ကြိုတင်မဲပေးခဲ့တဲ့ မဲလက်မှတ်တွေနဲ့ပတ်သက်ပြီး ဆောင်ရွက်မယ့်အခြေအနေကို အစည်းအဝေးပြီးမှသာ သိရှိနိုင်မယ်လို့ဆိုပါတယ်။

 “တံဆိပ်တုံးအတုလဲလှယ်ခံလိုက်ရမှုဖြစ်သွားတာဟုတ်ပါတယ်။အဲ့လိုဖြစ်သွားတာ သိသိချင်းပဲ မနေ့က ဘယ်အချိန် ဘယ်တော့လောက်မှာ စသိတယ်ဆိုတာ ကျွန်တော်တို့လည်း မသိသေးဘူး။ မဲပေးတဲ့ လုပ်ငန်းဆိုတာ လျို့ဝှက်မဲပေးရတာဆိုတော့ တံဆိပ်တုံးထုတာကို ဘယ်သူကမှ လိုက်ကြည့်ခွင့်မရှိတော့ ဒီထဲမှာ ထားထားတဲ့ တံဆိပ်တုန်းကလည်း တစ်တုံးစီထားထားတာပေါ့။ ဘယ်သူ့မှလည်း အပြစ်ပြောဖို့က ခက်တာပေါ့။ မတော်တဆလေး အဲ့လိုဖြစ်သွားတော့ သိသိချင်းပဲ ဒါကို ကော်မရှင်တစ်ခုထဲ ဆုံးဖြတ်ဖို့က မသင့်တော်ဘူး။ဒီနေ့တော့ စေ့စပ်ညှိနှိုင်းရေးအဖွဲ့ကနေ ဆွေးနွေးမှုလုပ်နေတယ်။ပြီးစီးလို့ အစီရင်ခံစာတက်လာမှ သိရမယ်။”လို့ ဦးသက်နိုင်ဦးကပြောပါတယ်။

သထုံခရိုင်အတွင်း ယခုလို တံဆိပ်တုံးအစစ်ကို အတုနဲ့ လဲလှယ်တဲ့ကိစ္စရပ်တွေ ထပ်မံမဖြစ်စေဖို့အတွက် ခရိုင်အတွင်းက မဲပေးမယ့် မဲရုံတွေရဲ့ လျှို့ဝှက်ဆန္ဒမဲပေးခန်းထဲမှာ တံဆိပ်တုံးကို ကြိုးဖြင့် အသေချည်နှောင်ထားခြင်း ဒါမှမဟုတ် ဆန္ဒမဲပေးကြမယ့် မဲဆန္ဒရှင်တွေကိုလည်း တံဆိပ်တုံးမှာ UEC စာတန်းပါမှသာ တံဆိပ်တုံးအစစ်ဖြစ်ကြောင်း ၊ တံဆိပ်နှိပ်တဲ့အခါ UEC စာတန်းမပါပါက တံဆိပ်တုံးအတုဖြစ်ကြောင်းကို အသိပညာပေးလှုံ့ဆော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒါကြောင့် မဲဆန္ဒရှင်တွေအနေနဲ့လည်း တံဆိပ်ထုနှိပ်ပြီးတဲ့အခါ UEC စာတန်းပါမပါ သတိထားကြည့်ရှုဖို့လိုအပ်ပြီး စာတန်းမပါခဲ့ပါက မဲရုံတာဝန်ရှိသူတွေကို ချက်ခြင်း အသိပေးဖို့လိုအပ်တယ်လို့သိရပါတယ်။ အသက် (၆၀) နှစ်အထက် သက်ကြီးမဲဆန္ဒရှင်တွေအတွက် ကြိုတင်ဆန္ဒမဲကောက်ခံမှုတွေကို  ပြီးခဲ့တဲ့ အောက်တိုဘာလ ၂၉ ရက်နေ့က စတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကောက်ခံနေတာလည်းဖြစ်ပါတယ်။

အလွတ်တန်းသတင်းထောက်ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

က္က