ကချင်ပြည်နယ်၊ ဝိုင်းမော်မြို့နယ်မှာဖြစ်ပွားခဲ့တာပါ။

ကချင်ပြည်နယ် ၊ ဝိုင်းမော်မြို့နယ်က မဲရုံတစ်ခုမှာ NLD ပါတီဘက်ကထည့်ထားတဲ့ မဲရုံစောင့်ကြည့်သူတစ်ဦးဟာ မဲပုံးပိတ်ထားတဲ့ တိတ်ကို ခွင့်ပြုချက်မရှိဘဲ ခွာခဲ့တာကြောင့် ရွေးကောက်ပွဲဥပဒေနဲ့ အမှုဖွင့်ထားလိုက်ပြီဖြစ်တယ်လို့ သိရပါတယ်။

အောက်တိုဘာလ (၃၀)ရက် မနက်ပိုင်းက ဝိုင်းမော်မြို့၊ (၄) ရပ်ကွက်က မဲရုံအမှတ် (၆) မှာ ထားရှိတဲ့ မဲပုံးအပေါက်ကတိပ် မဲရုံမဖွင့်ခင်အချိန်မှာ မဲရုံတာဝန်ရှိသူတွေမပါဝင်ဘဲ တစ်ဦးတည်းက တိတ်ကို ခွာခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ခွင့်ပြုချက်မရယူဘဲ စည်းကမ်းဖောက်ဖျက်တဲ့အတွက် အဆိုပါ မဲရုံစောင့်ကြည့်သူကို အမှုဖွင့်ထားတာဖြစ်တယ်လို့ ဝိုင်းမော်မြို့ (၄)ရပ်ကွက်ကော်မရှင်ဥက္ကဋ္ဌ ဦးရီမြင့်က ပြောပါတယ်။ 



လက်ရှိမှာ အဲဒီ မဲပုံးတိပ်ခွာခဲ့တဲ့သူနေရာမှာ နောက်ထပ် တစ်ဦးကို အစားထိုး ထည့်ထားကြောင်းနဲ့ ရဲစခန်းဘက်မှလည်း ခေါ်ယူစစ်ဆေးမှုတွေလုပ်နေပြီဖြစ်တယ်လို့သိရပါတယ်။

ဓာတ်ပုံ- ခိုင်သက်မွန် (ဝိုင်းမော်မြို့နယ်မှာ ကြိုတင်မဲပေးနေကြစဉ်) 

“ ကျွန်တော်တို့တို့မဲရုံက ကြိုတင်မဲစထည့်တဲ့နေ့ သူတို့စောင့်ကြည့်သူတွေလာကြည့်တယ်။ ကြံ့ခိုင်ရေးအဖွဲ့ပါမယ်။ NLD ပါမယ်။ ကျွန်တော်တို့ မဲရုံသိမ်းတဲ့အချိန် ၆ နာရီကျော်ပေါ့။ သိမ်းပြီးလို့ အချိန် သူတို့ကတောင်းဆိုတယ်။ မဲထည့်တဲ့ အပေါက်ကို ပိတ်စေချင်တယ်။ အဲ့ဒါနဲ့ကျွန်တော်က အထက်ကတော့ ပိတ်ပါမပြောဘူး။ဒါပေမယ့် အစ်ကိုတို့ဆန္ဒရှိရင် ပိတ်ပေးမယ်လေဆိုပြီး ပိတ်ပေးလိုက်တယ်။ မနက်ကို ပါတီစုံတဲ့ ၇ နာရီမှာ ဖွင့်ရအောင်ဆိုပြီး သဘောတူထားတာ။ နောက်တစ်နေ့ကျတော့ ၇ နာရီမထိုးခင် ၆ နာရီ ၄၅ လောက်မှာ သူ့သဘောနဲ့သူဖွင့်သွားတာ။ အဲ့ဒါကို ကျွန်တော်တို့က မသိလိုက်ဘူး။ နောက်မှ သိတာနဲ့ အမှုဖွင့်လိုက်တာပါ။ ကပ်ထားတဲ့တိတ်အကြည်ကိုပဲခွာတယ်။ သတ်မှတ်ထားချိန်မရောက်ဘဲ လုပ်တာရယ်၊ ခွင့်ပြုချက်မရဘဲ လုပ်လိုက်တာကြောင့်အမှုဖွင့်တာပါ။ သူ့ကိုမေးကြည့်တော့ သဘောရိုးနဲ့လို့ပြောတယ်။ ဒါပေမယ့် ကျနော်တို့ဘက်ကကြည့်ရင်တော့စည်းကမ်းဖောက်ဖျက်တာပဲလေ။ သတ်မှတ်ထားတဲ့အချိန်မလုပ်ဘဲ သူဘာသူလုပ်တာဖြစ်လို့ အမှုဖွင့်တရားစွဲရမှာကျွန်တောတို့ တာဝန်ပါ” လို့ ဥက္ကဋ္ဌ ဦးရီမြင့်ကပြောပါတယ်။

မဲရုံစောင့်ကြည့်သူဟာ မဲပုံးမှာ ကပ်ထားတဲ့တိတ်ကိုသာခွာခဲ့တာဖြစ်ပြီး မဲပုံးကို ဖွင့်ခြင်း ၊ ဆန္ဒမဲလက်မှတ်တွေကိုဖွင့်ဖောက်တဲ့ လုပ်ရပ်မျိုးကိုတော့ ပြုလုပ်ခဲ့ခြင်းမရှိဘူးလို့ သိရပါတယ်။ ဝိုင်းမော်မြို့နယ် ၊(၄) ရပ်ကွက်မှာတော့ အသက် (၆၀) နှစ်အထက် ကြိုတင်ဆန္ဒမဲပေးမယ့် သက်ကြီး ရွယ်အို စုစုပေါင်း (၄၀၀) ဝန်းကျင်ရှိပြီး ကြိုတင်မဲစပေးတဲ့အောက်တိုဘာ (၂၉) ရက်မှာ မဲလာပေးသူ (၁၁၂) ဦးရှိခဲ့တယ်လို့လည်းသိရပါတယ်။

အလွတ်တန်းသတင်းထောက် ချစ်ခွန်းချိုပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

က္က