မဲလက်မှတ် မှားယွင်းသွားခဲ့တဲ့ မဲဆန္ဒရှင် (၁၅၈) ဦး အသစ်ပြန်လည်မဲပေးနိုင်

ရေစကြိုမြို့နယ်က ရွာနှစ်ခုမှာ အသက် (၆၀) နှစ်အထက် ကြိုတင်မဲတွေပေးရာမှာ ပြည်သူ့လွှတ်တော် မဲလက်မှတ်စာအုပ်မှာ ရေစကြိုမြို့နယ်လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်တွေ အပြင် မကွေးမြို့လွှတ်တော်ကိုယ်စားလှယ်လောင်းအမည်တွေပါ မှားယွင်းစွာ ပါဝင်နေတယ်လို့ သိရပါတယ်။

ရေစကြိုမြို့နယ် ဝါယာကျေးရွာအုပ်စုနဲ့ ဂွေးဂုဏ်ကျေးရွာအုပ်စုတို့မှာ အသက် (၆၀) နှစ်အထက် သက်ကြီးမဲဆန္ဒရှင်တွေ ကြိုတင်မဲပေးရာမှာ အခုလို ဆန္ဒမဲလက်မှတ်တွေ မှားယွင်းမှု ဖြစ်ပွားခဲ့တာပါ။ ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး မကွေးတိုင်းဝန်ကြီးချုပ်ကလည်း နိုဝင်ဘာ(၁) ရက်နေ့ကသူ့ရဲ့ ဖေ့စ်ဘွတ်ခ်စာမျက်နှာမှာ အဆိုပါမဲလက်မှတ် မှားယွင်းမှုနှင့် ပတ်သက်ပြီး ပိုစ့်တင်ကာ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲကို အသိပေးခဲ့ကြောင်း သိရပါတယ်။ 



ဓာတ်ပုံ-မကွေးပို့စ်

ဒါကြောင့် ဝါယာကျေးရွာအုပ်စု မဲရုံအမှတ်-၅ (ကံစွယ်ကျေးရွာ)မှာ မဲလက်မှတ်မှားယွင်းသူ မဲဆန္ဒရှင် (၃၀) ဦး၊ မဲဆန္ဒပေးပြီးသူ မဲဆန္ဒရှင် (၁၀၂) ဦး၊ စုစုပေါင်း (၁၃၂) ဦးနဲ့ ဂွေးဂုဏ်ကျေးရွာအုပ်စု မဲရုံအမှတ်-၁(ဂွေးဂုဏ်ကျေးရွာ)မှာ မဲလက်မှတ်မှားယွင်းသူ မဲဆန္ဒရှင် (၃၆) ဦး၊ မဲဆန္ဒပေးပြီးသူ မဲဆန္ဒရှင် (၁၂၂) ဦး၊ စုစုပေါင်း (၁၅၈) ဦး ရှိခဲ့တယ်လို့ တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ထံကနေ သိရပါတယ်။

"မဲလက်မှတ်တွေ မှားတဲ့အကြောင်းဝန်ကြီးချုပ် ပိုစ့်တင်တာ မှန်ပါတယ်။ ရေစကြိုဘက်မှာ မဲလက်မှတ်မှားယွင်းတာအမှန်ဖြစ်ပါတယ်၊ ပယ်မဲမဖြစ်ပါဘူး၊ လက်ရှိမှာ ဆန္ဒမဲတွေကိုပြန်လည်ပေးခိုင်းထားပါတယ်" လို့ မကွေးတိုင်းရွေးကော်မှ အတွင်းရေးမှူး ဦးစိုးထွဋ်ဦးကပြောပါတယ်။

ရေစကြိုမြို့နယ်မှာ မကွေးမြို့လွှတ်တော်ကိုယ်စားလှယ်လောင်း စာရွက်များပါရှိနေသည်ကို သိရတဲ့အတွက် အောက်တိုဘာ(၃၀) ရက်နေ့ ညနေပိုင်းမှာ ရေစကြိုမြို့နယ်ထွေအုပ်ရုံးမှာ မြို့နယ်ရွေးကောက်ပွဲဆိုင်ရာစေ့စပ်ညှိနှိုင်းရေးကော်မတီ၊ ကျေးရွာ (၂) အုပ်စုမှ ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲဥက္ကဌများနှင့် တာဝန်ရှိသူတွေ ညှိနှိုင်းဆွေးနွေးခဲ့ပြီး ကြိုတင်ဆန္ဒမဲပေးပြီးတဲ့ မဲပုံးတွေကိုချိတ်ပိတ်ပြီး ပျက်စီးမဲလက်မှတ်အဖြစ် သတ်မှတ်ခဲ့ကြောင်း တိုင်းရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲက သိရပါတယ်။ ဒါကြောင့် မဲလက်မှတ် မှားယွင်းသွားခဲ့တဲ့ မဲဆန္ဒရှင် (၁၅၈) ဦးကို အသစ်ပြန်လည်မဲပေးနိုင်ဖို့ ဆောင်ရွက်သွားမယ်လို့လည်း သိရပါတယ်။

မကွေးပို့စ်က ပေးပို့သောသတင်းဖြစ်ပါသည်။


ဆက်စပ်အကြောင်းအရာများ

Share

က္က