မွေးနေ့ကိတ်လေး ခွဲခဲ့ပါသေးတယ်။

ပရဟိတမင်းသားကြီး ဦးကျော်သူက သူ့ရဲ့မွေးနေ့ကို ထွန်းကိုကိုနဲ့အတူတူ ဝေဘာဂီဆေးရုံခန်းလေးထဲမှာ ဖြတ်သန်းခဲ့ရပါတယ်။ လက်ဆောင်ပို့ပေးတဲ့ကိတ်မုန့်တွေနဲ့ မွေးနေ့ကိတ်ခွဲကာ ဖြတ်သန်းခဲ့တာပါ။


Photo: Tun Ko Ko



နာရေးကူညီမှုအသင်းရဲ့ ပဲ့ကိုင်ရှင်ကြီး ဦးကျော်သူကတော့ နိုဝင်ဘာလ (၂) ရက်နေ့က အသက် (၆၁) နှစ်ပြည့်သွားပါပြီ။ သူ့ရဲ့ မွေးနေ့မှာ အမှတ်တရအနေနဲ့ မွေးနေ့ကိတ်တွေ၊ ပန်းစည်းတွေလည်း လက်ဆောင်ရခဲ့တာကို တွေ့ရပါတယ်။ ဒီနှစ်မွေးနေ့ကိုတော့ ဝေဘာဂီမှာပဲ ထွန်းကိုကို နဲ့ နှစ်ယောက်တည်း ကျင်းပခဲ့တဲ့ အမှတ်တရတွေကို ဦးကျော်သူက ပြောပြလာပါတယ်။ 

“ ဒီကိတ်မုန့်နဲ့ ဒီပန်းတွေက ကျွန်တော်တို့ရဲ့ အခန်းထဲကို ကျူးကျော်ဝင်ရောက်လာတဲ့ အတွက် ဖယောင်းတိုင်မီးတွေ ထွန်းပြီးတော့ ဆုတောင်းမေတ္တာပို့လိုက်ရတာပါ။ ကျွန်တော်တို့ဆီ လာပို့တဲ့ အစားအသောက်တွေဆိုရင် အခန်းထဲဝင်ပြီးရင် အပြင်ပြန်ထွက်လို့ မရဘူး။ ဒါတွေကို မကုန် ကုန်အောင်လို့စားရမယ်။ မစားနိုင်ဘူးဆိုရင် အမှိုက်ပုံးထဲ ထည့်ရတာပဲ။ အခြေအနေက အဲဒီလိုပဲ။ အလှူရှင်တွေက ဦးကျော်သူအတွက်ဆိုပြီး ပစ္စည်းတွေ လာပေးရင် ကျွန်တော်တို့ကို မပေးပါနဲ့ အပြင်က ဆရာဝန်၊ ဆရာမတွေ၊ လူနာရှင်တွေ စားကြပါစေဆိုပြီးတော့ ဒါနပြုလေ့ရှိပါတယ်။ ဒါပေမယ့် ကိတ်မုန့်တွေ ပန်းတွေက မထင်မှတ်ပဲ ရောက်လာတဲ့အတွက် မွေးနေ့ပွဲလေး လုပ်ဖြစ်သွားတာပါ။ ဦးထုတ်ကတော့ ထွန်းကိုကို ရဲ့ လက်ရာပေါ့” ဆိုပြီးတော့ နိုဝင်ဘာလ (၂) ရက်နေ့ ည ၈ နာရီကျော်က သူ့ရဲ့ ဖေ့စ်ဘွတ်စာမျက်နှာမှာ အမှတ်တရ ဗီဒီယို ဖိုင်လေးတင်ရင်း ပြောခဲ့တာပါ။  

Photo: Tun Ko Ko

ဦးကျော်သူဟာ ကိုဗစ်ရောဂါ ကူးစက်ခံရလို့ ဝေဘာဂီမှာ အောက်တိုဘာလ (၂၁) ရက်နေ့ကတည်းက ဆေးကုသမှုခံယူနေရတာ ဖြစ်ပါတယ်။ သူ့အနေနဲ့ ကျန်းမာရေးပြန်ကောင်းလာရင် ပရဟိတအလုပ်တွေကို အရင်တုန်းကလိုပဲ တက်တက်ကြွကြွ လုပ်ဆောင်သွားမယ်လို့ ပရိသတ်ကို ကတိပေးလာခဲ့ပါသေးတယ်။ 

“ အခုဆို ကျွန်တော့်အသက် (၆၁) နှစ် ပြည့်ပြီ နေကောင်းသွားလို့ ပြန်ထွက်လာရပြီဆိုရင် (၁၆) နှစ်သားပုံစံ၊ (၁၆) နှစ်သားရဲ့ ခွန်အားတွေနဲ့ ပြန်လည်လုပ်ဆောင်ပါမယ်။ ကျွန်တော့် ခန္ဓာကိုယ်ထဲကို သွေး အသစ်တွေ လောင်းထည့်လိုက်ပါပြီ။ အဲဒီအတွက် သွေးသစ်၊ စိတ်သစ်၊ လူသစ် တစ်ယောက် အနေနဲ့ အများပြည်သူအတွက် ပေးဆပ်မယ်လို့ ဝန်ခံ ကတိပေးပါတယ်” လို့လည်း ဆက်လက် ပြောပြလာပါတယ်။ 

Photo: Tun Ko Ko

ဦးကျော်သူပါဝင်တဲ့ နာရေးကူညီမှုအသင်းဟာ COVID-19 ကာလမှာ ဈာပနပို့ဆောင်ခြင်း၊ ရောဂါပိုးကာကွယ်ရေးအတွက် ဆေးဖြန်းခြင်း၊ မီးဘေးအန္တရာယ် တားဆီးရေး အတွက် ရေသယ်ကားများနဲ့ ကူညီပေးခြင်း၊ ရေရှားပါးတဲ့ ကျေးရွာတွေမှာ ရေအလှူပြုခြင်း စတဲ့ ကုသိုလ်ရေးတွေ ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ ဦးကျော်သူ အနေနဲ့ နာရေးကူညီမှုအသင်း(ရန်ကုန်) ကို ၂၀၀၀ ခုနှစ်ကတည်းက တည်ထောင်ခဲ့တာပါ။ အခုဆိုရင်တော့ ဒီအသင်းကြီးဟာ နှစ်ပေါင်း(၂၀) ကျော်လာခဲ့ပါပြီ။ ဦးကျော်သူဟာ တစ်ချိန်က အကယ်ဒမီဆုတွေ ရရှိခဲ့ဖူးတဲ့ နိုင်ငံကျော် ရုပ်ရှင်သရုပ်ဆောင် တစ်ဦးဖြစ်ပါတယ်။




ဆက်စပ်အကြောင်းအရာများ

Share

Loading Next Article...
က္က